(၁)
“မောင်ကျော်လာစမ်း”
ဆရာဦးရဲထွန်းခပ်ကျယ်ကျယ်ပြောလိုက်သောစကားကြောင့် မုန့်ဈေးတန်ဖက်သွားနေသော မောင်ကျော်ရုတ်တရက် ပြန်လှည့်ကြည့်သည်။
“မောင်ကျော်လာခဲ့စမ်း”
“ဟုတ်ကဲ့ဆရာ”
“စောစောပဲ အတန်းထဲမှာဆရာသင်တယ်။ အမှိုက်တွေကို တွေ့ကရာနေရာမှ မလွှင့်ပစ်နဲ့လို့၊ ခုမင်း အချဉ်ထုပ်ဝယ်စားပြီး အမှိုက်ကို အမှိုက်ပုံးထဲသွားမထည့်ဘူး”
“ဟုတ်ကဲ့ဆရာ”
“ဟုတ်ကဲ့ဆရာ လုပ်မနေနဲ့ ၊မင်းအမှိုက်မင်းသွားကောက် ပြီးရင်အမှိုက်ပုံးထဲထည့်”
ဆရာဦးရဲထွန်းသည် မောင်ကျော်နောက်လိုက်သွားသည်။ နေ့လည်ကျောင်းလွှတ်ချိန်ဖြစ်သောကြောင့်ကျောင်းသားအများကလည်းဆ၇ာဦးရဲထွန်းနောက်ကိုလိုက်လာသည်။
မောင်ကျော်သည် သူပစ်ထားသော အမှိုက်ကိုကောက်ယူ၍ အမှိုက်ပုံးထဲကိုထည့်လိုက်သည်။
ပြီးတော့ ဆရာဦးရဲထွန်းကမောင်ကျော်ကိုရုံးခန်းထဲလာဖို့ခေါ်လိုက်သည်။
“ကဲမောင်ကျော်ထိုင်၊ ငါမေးမယ်၊ မင်းမှာအပြစ်ရှိလား”
“ကျွန်တော်မေ့သွားလို့ပါဆရာ၊ ပြီးတော့ဒီတစ်ခါထဲပါ”
“အရင်ကလူမမိတော့မင်းတစ်ခါတည်းလို့ပြောတာပေါ့”
“မဟုတ်ဘူးဆရာ”
“မင်းအတော်အငြင်းသန်တာပဲ”
“မဟုတ်ဘူးဆရာ”
ဦးရဲထွန်းရယ်လိုက်သည်။“မောင်ကျော်မင်းဟာလေ ပြောလေကဲလေပဲ၊ မဟုတ်ဘူးဆရာဆိုပြီးတော့ထပ်ငြင်းတယ်”
မောင်ကျော်သည်တစ်စုံတစ်ခုပြောမည်ဟုကြံပြီးမှ မပြောတော့ဘဲ ခေါင်းညှိတ်လိုက်သည်။
“ဒီလိုလုပ်ကွာ၊ မင်းကအငြင်းသန်လေတော့ မင်းဘာလို့မှန်တာလဲဆိုတာကို စာတစ်မျက်နှာရေးခဲ့”
“ကျွန်တော်မငြင်းတော့ဘူးဆရာ”
“မင်းဘာမှမရေးခဲ့ဘူး။အကြောင်းမခိုင်လုံဘူးဆိုရင် နက်ဖြန်ညနေ အိမ်မပြန်ရဘူး။ကျောင်းဆင်းရင် ကျောင်းဝင်းထဲမှာ တံမျက်စည်းလှဲရမယ်”
“ဟာဆရာ”
“မင်းစာတစ်မျက်နှာရေးတာဘာကြာမလဲ၊ ဒါမှမဟုတ်ရင် တံမျက်လှဲရမှာနော်”
“ဘာအကြောင်းလဲဆရာ”
“ပထမ စာကြောင်းဆရာခေါ်ပေးမယ်လိုက်ရေးထား၊ ကျွန်တော်အချဉ်ထုပ်စားပြီး အမှိုက်ပုံးထဲမထည့်မိပါ။ ဒီလိုလုပ်တာမှန်တယ်ဟုကျွန်တော်ထင်သည်။ ဘာကြောင့်လဲဆိုတော့
(၁)ကျွန်တော်ပျင်းလို့ပါ
“မဟုတ်ဘူးဆရာ .....”
“မဟုတ်ဘူး ဆိုရင်မင်းရေးလာ၊ ကြားလား”
မောင်ကျော်ခေါင်းကုပ်သည်။
“ကျွန်တော်ရေးလာပါမယ်ဆရာ”
(၂)
မောင်ကျော်တို့ ဘုရားကြီးကုန်း အလယ်တန်ဒကျောင်းတွင်ဦးရဲထွန်းသည်လယ်တန်းပြဆရာဖြစ်သည်။ ဦးရဲထွန်း ဆယ်တန်း အောင်စဉ်က မိဘနှင့်သဘောထားမတိုက်ဆိုင်၍ အိမ်ကထွက်ခဲ့သည်။
သူငယ်ချင်းဘဦးကူညီသောကြောင့်္ကကျောင်းတွင်ဆရာဖြစ်လာခဲ့သည်။ ကျောင်းသံယောဇဉ်ကကြီးလာသည်။
သူစာပေးစာယူ (ခုတော့အဝေးသင်) ဖြေခဲ့သည်။ ဘွဲ့ရပြီးသည်နောက် သံယောဇဉ်တွယ်နေသောဒီရွာကနေမခွဲခွာဖြစ်ခဲ့ပါ။
သူအားလပ်ချိန်များတွင်စာဖတ်သည်။ တစ်ခါတစ်ခါသူမြို့ကိုသွားသည်။ မိဘများကိုသွားကန်တော့သည်။
မြို့တွင်ပလပ်စတစ်တွေကျွပ်ကျွပ်အိပ်တွေနဲ့ အမှိုက်ပွနေတာကိုသူသဘောမကျပေ။
ယနေ့သူငယ်ချင်းဘဦးသည်ရန်ကုန် NGO အဖွဲ့တစ်ခုတွင် ဌာနေကိုယ်စားလှယ်ဖြစ်နေသည်။
“သူငယ်ချင်းမင်းနဲ့တော့အကိုက်ပဲ။ အလုပ်ထွက်ခဲ့ပေတော့၊ ငါမင်းကိုဒေါ်လာနဲ့ အလုပ်ခန့်မယ်”
“နေပါစေ ဘဦးရာ၊ ငါကလေးတွေနဲ့ပဲပျော်နေတယ်”
“မင်းမိန်းမခင်ဦးကိုလည်းခေါ်ခဲ့လို့ရပါတယ်”
“ငါ ဒီမှာပဲနေတော့မယ်”
“မင်းသဘောပဲ၊ဒါပေမဲ့ ငါတို့ ၀ပ်ရှော့လုပ်မယ်၊ မင်းကိုဖိတ်လိုက်မယ်”
“ငါ ကားမပြင်ချင်ပါဘူး”
“ဟာဟား.. နောက်မနေပါနဲ့ရဲထွန်းရာ၊ တို့က ပြည်သူ့နီတိတဲ့ပတ်သက်ပြီး ၀ပ်ရှော့လုပ်မယ်။ လူမှုအဖွဲ့အစည်းတွေအကြောင်း ဆွေးနွေးမယ်။ မင်းကျောင်းပိတ်ရက်တို့ဆီအနားယူရင်းလာခဲ့ကွာ”
“ကောင်းပြီလေ”
(၃)
သို့နှင့် ဦးရဲထွန်း လူမှုအဖွဲ့အစည်းကပြုလုပ်တဲ့ အမှိုက်နဲ့သဘာဝပတ်ဝန်းကျင် အလုပ်ရုံဆွေးနွေးပွဲကိုရောက်သွားသည်။
ပထမတော့သူဘာမှမသိပါ။
သို့သော်ဝပ်ရှော့ကပေးလိုက်သည့်စာအုပ်တွေ ကိုဦးရဲထွန်းဖတ်ရင်း သူ့ကိုစာအုပ်တွေကလမ်းပြသွားသည်။
သူအပြန်ဘဦးကိုပြောခဲ့သည်။
“မင်းတို့ဝပ်ရှော့ကကောင်းသားပဲ၊ တကယ်တော့ ငါ့ကျောင်းက ကလေးတွေဟာစိတ်စေတနာမဆိုးဘူး။ဒါပေမဲ့ဒီလိုလူမှုအသိ (Civic Duty) အလေးအနက်မရှိကြဘူး”
“အမှိုက်အကြောင်းဒီကလူတွေစိတ်မ၀င်စားဘူး။ အရင်ကတော့ လူနည်းတယ်လေ။ နောက်ပြီးအမှိုက်တွေက စက္ကူတွေဖက်ရွက် တွေဟုတ်တော့ဘူး၊ ခုခေတ်လူများလာတယ်။ အမှိုက်တွေထဲမှာပလပ်စတစ်အိပ်တွေ ရေသန်ဗူးတွေပါလာတယ်။ဒါတွေဟာ ဒီအတိုင်းမပျက်စီးသွားဘူး၊ Bio-degradable တွေ မဟုတ်ဘူး””
သူသဘောပေါက်ထားသည်က ကောင်းမွန်သည့်စိတ်ဓာတ်ဖြင့်တည်ဆောက်ရင် လောကကြီးသည်သာယာနေမည်။
ယုတ်ညံ့သည့်စိတ်ဓာတ်ဖြင့် တည်ဆောက်ခဲ့ရင် လောကကြီးဟာလည်းပျက်စီးပေမည်။
ကျွန်တော်တို့သည် သာယာလှပသော လောကကြီးမှာပဲနေချင်ကြသည်။
ထို့ကြောင့် ကျွန်တော်တို့ကကောင်းမွန်သည့်စိတ်ဓာတ်ကိုမွေးဖွားပေးရပါမည်။
အဲဒီစိတ်ဓာတ်က ဘာတွေလဲ။လူမှုရေးစိတ်ဓာတ်ဟုခေါ်ပါမည်။
အဲဒါတွေကို ဘယ်လိုတည်ဆောက်မလဲ။
လေ့ကျင့်ကာတည်ဆောက်မည်။
ဘယ်မှာလေ့ကျင့်မှာလဲ။
ကျောင်းတွေမှာ၊စာသင်ခန်းတွေမှာ။
ဘယ်သူတွေလေ့ကျင့်ပေးမလဲ။
ဆရာဆရာမတွေ
သူတို့ချည်းပဲလား။
မိဘတွေ မိတ်ဆွေတွေ။
ပြည်သူတွေကော။
သူတို့လည်းပါမယ်လေ။
ပြည်သူတွေဆောင်ထားဖို့ပြည်သူတွေကလေ့ကျင့်ရမှာပေါ့။
အဲဒါကပြည်သူ့နီတိ ဖြစ်၏။
(၄)
ဦးရဲထွန်းသည် ပြည်သူ့နီတိကိုအသည်းစွဲသွားသည်။
ပြည်သူ့နီတိဆိုသည်များ ပြည်သူများဆောင်ရွက်ရမည့် အသိပညာကိုဆိုလိုပါသည်။
ကျောင်းသားတွေကိုသင်ရတာလွယ်ပါသည်။ သို့သော်သူတို့အသည်းထဲစွဲသွားဖို့လိုသည်။ သူတို့က ပြည်သူ့နီတိကိုချစ်မြတ်နိုးဖို့ဆွဲဆောင်ဖို့လည်းလိုသည်။
နောက်တစ်နေ့နံနက်ဆရာဆရာမနားနေခန်းထဲတွင် ထိုင်နေသော ဦးရဲထွန်းလက်ထဲကို မောင်ကျော်စာရွက်လာ ထည့်သည်။
ကိုရဲထွန်းခေါင်းညှိတ်လိုက်သည်။
“အေးထားခဲ့”
ဦးရဲထွန်းစာရွက်ကိုဖတ်သည်။ပြီးတော့အတန်းထဲကိုသွားသည်။
“မင်္ဂလာပါဆရာ”
“မင်္ဂလာပါတပည့်တို့”
“ဆရာမောင်ကျော့်ကိုရေးခိုင်းတဲ့စာကိုဖတ်ပြမယ်”
အားလုံးတိတ်နေသည်။ မောင်ကျော်ကတော့ စိတ်ပျက်ဟန်ဖြင့်မသက်မသာဖြစ်နေသည်။
“ကျွန်တော်အချဉ်ထုပ်စားပြီး အမှိုက်ပုံးထဲမထည့်မိပါ။ ဒီလိုလုပ်တာမှန်တယ်လို့ကျွန်တော်ထင်သည်။ ဘာကြောင့်လဲဆိုတော့
(၁) အမှိုက်တစ်နှင့် ဘာမှဖြစ်မသွားပါ
(၂) အချဉ်ထုပိကိုထန်းလျက်တွေနဲ့လုပ်ထားသောကြောင့်ပုရွတ်ဆိတ်များ အစာစားဖို့အဆင်ပြေနိုင်သဖြင့် ကျွန်တော်ကုသိုလ်ပင်ရနိုင်သေးသည်။
(၃) ညနေဖက်အမှိုက်သိမ်းသောအခါ တံမျက်စည်းလှဲသောသူက အချဉ်ထုပ် ထုပ်ထားသောပလပ်စတစ်ကို အမှိုက်ပဲုးထဲထည့်လိုက်မည်ဖြစ်သောကြောင်ပြဿနာမရှိနိုင်ပါ။
လေးစားစွာဖြင့်၊ တပည့်မောင်ကျော် တဲ့။
ကျောင်းသားအားလုံးပြုံးနေကြသည်။မပြုံးနီုင်သည်ကမောင်ကျော်ဖြစ်သည်။
ဦးရဲထွန်းကမောင်ကျော့်ထံသွားကာစာရွက်ကိုပြန်ပေးလိုက်သည်။
“မနေ့မောင်ကျော် အမှိုက်ကိုအမှိုက်ပုံးထဲမထည့်လို့ဆရာ မထည့်ရတဲ့အကြောင်းတွေကိုရေးခိုင်းလိုက်တယ်။ မရေးရင်အမှိုက်လှဲခိုင်းမယ်ပြောထားတယ်။ မောင်ကျော်ခုရေးထားတယ်။ ဆရာသူ့ကိုတံမျက်စီးမလှဲခိုင်းတော့ဘူး”
မောင်ကျော်ပြုံးလာလေသည်။
“လူတွေဟာကိုယ်လုပ်တာတွေကိုယ်ကာကွယ်တတ်တယ်။ခုမောင်ကျော်ကသူလုပ်တာမှန်တယ်ဆိုပြီးသူကာကွယ်တယ်။
ဒီအချက်အားလုံးသူ့ဖက်က သူမှန်တယ်ထင်ပေမဲ့ ဒီအချက်တွေဟာ မှားနေပါတယ်”
“ဟာ”
“နံပါတ်(၁) လူတစ်ယောက်အမှိုက်တစ်စစီပစ်ရင် တို့ကျောင်းမှာ အမှိုက်တွေ တစ်နေ့တစ်နေ့ထောင်နဲ့ချီနေမှာပေါ့။ ရပ်ထဲရွာထဲလည်း လူပိုများတယ်။ လူတွေဟအမှိုက်တစ်စဟာ ပြဿနာမရှိဘူးထင်ရင်မှားတယ်။
နံပါတ်(၂) ပရွတ်ဆိတ်တွေ ကိုအစာကျွေးတာမှားပါတယ်။ဒီနေရာမှာပရွတ်ဆိတ်တွေဟာ ကလေးတွေကိုကိုက်နိုင်ပါတယ်။ ပရွတ်ဆိတ်ကိုက်ပြီး ပရုတ်ဆီထည့်လိုက်မိရင် သေတောင်သေနိုင်တယ်။ဒါကြောင့် မှားတယ်။
နံပါတ်(၃) အမှိုက်ကို အမှိုက်သိမ်းသမားတွေ သိမ်းတာမှန်ပါတယ်။ဒါကမတော်တဆ ဖိတ်စင်တာတွေကိုသိမ်းရပါတယ်။ တမင်တကာမလုပ်ရပါဘူး။ အထူးသဖြင့် တို့တတွေဟာ သူတို့ကိုကူညီကြရမယ်၊ဟုတ်လား”
“ဟုတ်ကဲ့ပါဆရာ”
“အထူးသဖြင့်ပလပ်စတစ်တွေဟာ ဇီဝနည်းနဲ့မဖျက်ဆီးနိုင်တဲ့ပစ္စည်းတွေဖြစ်တယ်။သူတို့ကို တို့က အလွယ်တ ကူပစ် လိုက် လို့မြေကြီးထဲရောက်သွားရင် အဲဒီပလပ်စတစ်တွေဟာ မြေကြီးထဲကို လေတွေမ၀င်လာအောင် ပိတ်ထားသလိုဖြစ်နေ တယ်။ဒီလို ဆိုရင် မြေကြီးထဲက တီကောင်လိုအကောင်တွေအတွက် အောက်ဆီဂျင်တွေမရတော့ဘူးပေါ့။အဲဒီအကောင်တွေသေ ဆုံးရင် သီးနှံတွေအထွက်ကျသွားမယ်ကွဲ့၊ သဘောပေါက်လား”
“သဘောပေါက်ပါတယ်ဆရာ”
“အေး၊ ဆရာက မောင်ကျော်ကိုရေးခိုင်းလိုက်တယ်။မောင်ကျော်ကရေးခဲ့တယ်။ သူပြောတာသူ့အတွက်မှန်တယ်။ အားလုံး အတွက်မမှန်ဘူး။ ဒါကြောင့် ဘာတွေမှားလဲဆိုတာကိုဆရာရှင်းပြနိုင်တယ်။မောင်ကျော်ဒီလိုရေးတာ ချီးကျူးဖို့မကောင်းဘူးလား”
“ချီးကျူးဖို့ကောင်းတယ်”
“အေး၊ လောကကြီးမှာ အကြောင်းတွေအမျိုးမျိုးရှိတယ်။ ခုဆရာပြောတာတွေကို့ မင်းတို့အရွယ်တွေနားမလည်သေးဘူး။ ကြီးရင်တော့သိလာမှာပါ၊ ၂၄ ပစ္စည်းပဌာန်းဒေသနာမှာ အတ္ထိပစ္စယော အပြင်နတ္ထပစ္စယောဆိုတာရှိတယ်။
အတ္ထိဆိုတာ ငါရှိလို့အကျိုးပြုခြင်းလို့ဆိုတယ်။ နတ္ထိက ငါမရှိလို့အကျိုးပြုခြင်းပဲ၊ နတ္ထိဆိုတာ ဘာမှမရှိဘူး။ ဗလာပေါ့။
ဗလာလည်းအကျိုးပြုတာပဲတဲ့။ ဒါကဆရာ အချိန်ရတဲ့အခါရှင်းပြမယ်။ မင်းတို့သဘောပေါက်မှာမဟုတ်သေးဘူး။
ဒီနေ့ ဆရာပြောချင်တာက မောင်ကျော်ဟာ သူပြောချင်တာကို ကြိုးစားပမ်းစား ရေးလာတယ်။ သူလုပ်တာမှန်ကြောင်းခုခံရေးထားတယ်။
မင်းတို့လည်း လိုအပ်တဲ့အခါတွေမှာ ဒီလိုကြိုးစားပမ်းစားရေးကြပါ။ ကြိုးစားပမ်းစားဆောင်ရွက်ကြပါ။ နောက်ဆုံးပြောချင်တာက
“အမှိုက်ကို လွယ်လွယ်ကူကူ ပြီးစလွယ်မပစ်ကြဖို့ပဲ” ”
“ဟုတ်ကဲ့ဆရာ”
“ကဲ ဆရာနောက်ဆုံးဘာမှာလိုက်လဲ”
“အမှိုက်ကို လွယ်လွယ်ကူကူ ပြီးစလွယ်မပစ်ကြဖို့ပဲ”
ဆရာဦးရဲထွန်းအတန်းထဲကနေမထွက်မီနှုတ်ဆက်ပါသည်။
“မင်္ဂလာပါတပည့်တို့”
“မင်္ဂလာပါဆရာ”
ဒေါက်တာခင်မောင်ညို
Civic Duty - ဘ၀အတွက် လူမှုရေးတာဝန် (ဒေါက်တာခင်မောင်ညို)
Reviewed by THITHTOOLWIN
on
16:15
Rating:
