မန္တလေးမြို့သို့ လက်နက်ပို့ဆောင်မည့်သူများ သာစည်တွင်ဖမ်းမိ


မန္တလေးမြို့သို့ လက်နက်ပို့ဆောင်မည့်သူများကို လက်နက် ၂၂လက် နှင့်အတူ သာစည်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံက သိရသည်။

ဇူလိုင်လ ၁၉ရက် ည ၁၀နာရီအချိန်ခန့်က သာစည်မြို့နယ် ကျွဲတပ်ဆုံ တိုးဂိတ်အရှေ့ဘက် တောင်ကြီး မိတ္ထီလာ ကားလမ်း မိုင်တိုင်အမှတ် ၃၁/၃ နှင့် ၃၁/၄ အကြားတွင် ရဲတပ်ဖွဲ့ဝင်များက ယာဉ်များအား ရပ်တန့်ရှာဖွေ စစ်ဆေးစဉ် ရှမ်းပြည်နယ် တောင်ကြီးမြို့ဘက်မှ ယာဉ်မောင်း နေစိုးထွေးမင်း မောင်းနှင်ပြီး ဘေးတွင် ဇနီးဖြစ်သူ မစုမြတ်နှင်း လိုက်ပါလာသည့် Crown အမျိုးအစား အနက်ရောင် မော်တော်ယာဉ် အမှတ် MDY-2D/5608 အားရပ်တန့်ရှာဖွေ စစ်ဆေးရာ ယာဉ်၏အနောက်ထိုင်ခုံပေါ်မှ စောင်နှင့်ပတ်ထားသော မသင်္ကာဖွယ်ရာအထုပ်သုံးထုပ်ကို တွေ့ရှိခဲ့ရသည်။

ယင်း အထုပ်များကို စစ်ဆေးရှာဖွေရာ အတွင်းမှ HK-33 ကျည်ဘောက်ပါ သေနတ်၂၀လက် AK-47 ကျည်ဘောက်မပါ သေနတ်၂လက် စုစုပေါင်း ၂၂လက်တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ဆေးမေးမြန်းချက်များအရ ယင်းလက်နက်များကို ကယားပြည်နယ် လွိုင်ကော်မြို့မှ မန္တလေးတိုင်းဒေသ ကြီး မန္တလေးမြို့ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသော မောရာ ဆိုသူထံ ပို့ဆောင်ရမည်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့်မန္တလေးခရိုင်ရဲတပ်ဖွဲ့နှင့် သတင်းချိတ်ဆက်ပြီး မောရာ တည်းခိုနေထိုင်သော တည်းခိုခန်းအား ဝင်ရောက်စစ်ဆေးရာ ကျုံးလျန်ဆန်း (ခ)မောရာ အား ဖမ်းဆီးရမိခဲ့သည်။

တရားမဝင် လက်နက်များသယ်ဆောင်ပြီး လက်ဝယ်ထားရှိသူ များဖြစ်သည့် နေစိုးထွေးမင်း၊ စုမြတ်နှင်း၊ ကျုံးလျန်ဆန်း (ခ) မောရာ တို့သုံးဦးအား သာစည်မြို့နယ် ရဲစခန်း မှ (ပ)၁၆၇/၂၀၁၇
၁၈၇၈ခုနှစ် လက်နက်ဥပဒေပုဒ်မ ၁၉(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်ဦး
Mandalay Age - မန္တလေးခေတ်
https://www.facebook.com/MandalayAge
မန္တလေးမြို့သို့ လက်နက်ပို့ဆောင်မည့်သူများ သာစည်တွင်ဖမ်းမိ မန္တလေးမြို့သို့ လက်နက်ပို့ဆောင်မည့်သူများ သာစည်တွင်ဖမ်းမိ Reviewed by THITHTOOLWIN on 16:47 Rating: 5
Powered by Blogger.