ဖားကန့်မြေက လောပန်းလောင်း


မိုင်းကျော်၊ မားနဂါး။

မြန်မာနိုင်ငံရှိ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ထွက်ရှိသော “ကျောက်စိမ်း”သည် ကမ္ဘာ့တန်ဖိုး အကြီးမားဆုံးထဲမှာ ဒုတိယနေရာတွင်ရပ်တည်ပြီး ပထမနေရာတွင် “စိန်” သည် ကမ္ဘာ့တန်ဖိုး အကြီးမားဆုံးနေရာတွင် ရပ်တည်လျက်ရှိ သည်ဟု ဆိုရပေမည်။ ဖားကန့်ကျောက်စိမ်းမြေသည် လူငယ်တစ်စု၏ သူဌေးလောင်းအိမ်မက်နေရာ (သို့မဟုတ်) ကျောက်တူးသမားများ၏ ဘဝသံသရာဆိုလျှင်လည်း မမှားပါ။

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ထွက်ရှိသော အဖိုးတန်ကျောက်စိမ်းရတနာမြေသည် မြန်မာနိုင်ငံတွင် နေထိုင်သော လူငယ်အများစုအတွက် သူဌေးလောင်းဖြစ်နိုင်သည့်နေရာတစ်ခုဟု သတ်မှတ်လေ့ရှိသည်။ ဖားကန့်မြို့တွင် လော ပန်းလောင်းတို့ ပျော်ရာမြေဟုလည်းခေါ်ဆိုနိုင်သလို “မှော်” ဟုလည်း ခေါ်ဆိုနိုင်ပါတယ်။

ဖားကန့်ဒေသတွင် မိုးတွင်းချိန်၌ ရေမဆေး ကျောက်ရှာသူ ရှားပါးပြီး မိုးအကုန် ဆောင်းရာသီအချိန်မှာတော့ အနယ် နယ် အရပ်ရပ်က လူမျိုးပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ ဖားကန့်ကျောက်စိမ်းမှော်ကို ရောက်လာခဲ့ကြပြီး လောပန်း လောင်းအိမ်မက်ကို စတင်အကောင်အထည်ဖော်ပါတော့တယ်။

ဖားကန့်ဒေသ ကျောက်စိမ်းမှော်မှာ လာရောက်လုပ်ကိုင်တဲ့ လူအများစုဟာ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်း အများစုကသာ လာရောက်လုပ်ကိုင်နေကြပြီးတော့ သက်ကြီးပိုင်းက မရှိသလောက်ဖြစ်နေပါတယ်။ သက်ကြီးပိုင်းတွေအတွက် ဖား ကန့် ကျောက်စိမ်းမှော်မှာ အလုပ်လုပ်ဖို့ဆိုတာလဲ မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျောက်တူးဖော်တဲ့ ကုမ္ပဏီတွေ ရဲ့ စွန့်ပစ်မြေစာပုံတွေဟာ ပေပေါင်းရာချီ မြင့်မားပြီး စွန့်စွန့်စားစားလုပ်ကိုင်ရတဲ့အတွက် အသက်အန္တရာယ်များလွန်း ပါတယ်။

ကုမ္ပဏီကြီးတွေရဲ့ စွန့်ပစ်မြေစာပုံရဲ့ အပေါ်ကနေ အောက်ဆုံးထိကြည့်လိုက်ရင် အောက်ဆုံးဘက်မှာ ရေမဆေး ကျောက်ရှာတဲ့ ကျောက်ရှာသမားတွေက ပုရွက်ဆိတ်လောက်သာ ရှိပါတော့တယ်။ ဖားကန့်ကျောက်စိမ်းမြေကို ရောက်လာတာနဲ့ ရေးမဆေးသမားတွေရဲ့ "လောပန်းလောင်းတို့ပျော်ရာမြေ" ဆိုတဲ့ သီချင်းဆိုသံကို ကြားလိုက်ရတဲ့ အခိုက်အတန့်လေးမှာ ရေးမဆေးသမားတွေရဲ့ လောပန်းလောင်းအိမ်မက်အတွက် အားဆေးတစ်ခွက်ဆိုရင်လည်း မမှားပါဘူး။

ဒါပေမဲ့ လောပန်းလောင်းတွေ ပျော်တဲ့မြေမှာ တစ်ချို့သော ရေမဆေးသမားတွေ မြေစာပြိုပြီး ပိလို့ အသက်ဆုံးသွားတဲ့ သူတွေ ရှိသလို ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ဖို့ မူးယစ်ဆေးဝါးသုံးစွဲရင်းနဲ့ လမ်းဘေးဘဝမှာ ကျင်လည်ကျက်စားနေ တဲ့ လူငယ်တွေလည်းရှိနေပါတယ်။ ဖားကန့်မြေမှာ ငွေဝင်ပေါက်တစ်ခုဖြစ်သလို ဒုစရိုက်သမားတွေ ပျော်မွေ့ရာမြေလို့ လဲ ပြောလို့ရပါတယ်။

အမြင့်ပေ ရာဂဏန်းရှိတဲ့ တစ်ချို့မြေစာပုံမှာဆိုရင် ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာတွေထဲမှာ “ကျောက်ခဲ” လုံး အများ အပြား ပါလာတတ်တဲ့အတွက်ကြောင့် အသင့်စောင့်ဆိုင်းနေတဲ့ ရေးမဆေးသမားတစ်ယောက်ရဲ့ ဒူးနားထိ ကျောက်ခဲ လုံးတွေနဲ့ နစ်နေတတ်ပြီး လုပ်သက်ကြာလာရင် ဒူးအောက်ပိုင်းမှာ အမာရွတ်တွေ ထင်ကျန်နေတတ်ပါတယ်။ ရေးမ ဆေးသမားတစ်ယောက်ရဲ့ ကျောက်ရှာ အမှတ်တရ(သို့) ခြေထောက်အလှလို့လဲ အချင်းချင်းဟာသနှောပြီး ပြောဆို နေကြတာကို မြင်တွေ့နိုင်ပါတယ်။


ဖားကန့်မြေစာပုံကြီးဟာ လောပန်းလောင်းတို့ရဲ့ အိမ်မက်၊ လောပန်းလောင်းတို့ရဲ့ဘဝကို ပြောင်းလဲနိုင်သော မြေစာ ပုံကြီးဆိုရင်လည် မမှားပါဘူး။ နာမည်ကြီးကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပုံကြီးတွေမှာဆိုရင် ရေမဆေးရှာဖွေနေတဲ့ ကျောက်ရှာသမားပေါင်း ရာဂဏန်း၊ ထောင်ဂဏန်းအထိ ရှာဖွေနေတာကို တွေ့မြင်လိုက်တိုင်း အံသြမိပါတယ်။ တစ်ခါ မှ မရောက်ဖူးသေးသူအဖို့တော့ တစ်ကယ်ကို အံ့သြစရာ မြင်ကွင်းပါ။ လူတွေ ဘာကြောင့် ဒီလောက်များနေလဲပေါ့။ တစ်ခြားမဟုတ်ပါ သူ့ထက်ငါ အလုအယက် ကျောက်ရှာနေကြတဲ့ မြင်ကွင်းလေးပါ။ အခန့်မသင့်ရင် အဲဒီနေရာမှာတင် အသက်ပေးရနိုင်ပါတယ်။

ရေးမဆေးသမားတွေနေတဲ့ နေရာအများစုဟာ ကျောက်တူးတဲ့ လုပ်ကွက်တွေနဲ့ နီးတဲ့အတွက် အချိန်မရွေး မြေပြိုနိုင် ပါတယ်။ လူငယ်အများစုတွေက မြေစာပုံကြီးအောက်မှာ မြေစာပြိုလို့ ကိုယ့်ခန္ဓာကိုယ်ကို အရှင်အလတ်လတ် မြုပ်ခံနေ ရတဲ့လူတွေလည်း နှစ်စဉ်လိုလို ရှိနေပါတယ်။

တစ်ချို့လူငယ်တွေဟာ သူဌေးလောင်းအိပ်မက်ရှိကြပေမယ့် မူးယစ်ဆေးစွဲရင်း ကျောက်စိမ်းမြေမှာသာ သူတို့ရဲ့ ဘဝ ကို မြုပ်နှံကြတဲ့သူတွေလဲ ရှိနေပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့ဟာ လောပန်းလောင်းတို့မြေလို့ ပြောဆိုနေကြတာဟာ မှန်တယ်လို့ ဆိုနိုင်ပေမဲ့ တကယ် ရောက်ဖူးတဲ့သူတွေအတွက်ကတော့ လုပ်ကိုင်စားသောက်ရတာ မလွယ်ကူဘူးဆိုတာကို လက်တွေ့ကြုံတွေ့ရမှာပါ။

မှော်ရှာဖွေရင်း ချမ်းသာသွားတဲ့ လူတွေရှိသလို မွေးရပ်ဌာနေကို မပြန်နိုင်လို့ မှော်ကျန်၊ မှော်ကြာသမားတွေလည်း အများကြီး ရှိနေစမြဲပါ။ ကျောက်စိမ်း “မှော်” လို့ စတင်ပေါ်ပေါက်လာကတည်းက မှော်ကြာ၊ မှော်ကျန်ဆိုတာ ရှိခဲ့တာ ဟာ ရာဇဝင်ထဲက သမိုင်းတစ်ခုလိုပါ။

မွေးရပ်မြေမပြန်နိုင်ဘဲ လောပန်းအိမ်မက်ဆိုတာထက် ကိုယ့်ဆန္ဒကိုလိုက်စားနေကြတာပါ ကျောက်ရှာကျွမ်းကျင်တဲ့ ရေမဆေးရှာဖွေတဲ့ လူတော်တော်များများက ပိုက်ဆံရှာရတာ လွယ်ကူခဲ့တာအမှန်ပါ။ ငွေရတာလွယ်ကူလို့ စိတ်ကို မထိန်းနိုင်ဘဲ အပေါင်းအသင်းမှားရာကနေ မူးယစ်သားကောင်ဘဝ ရောက်သွားဖို့ဆိုတာကလည်း ကျောက်စိမ်းမြေမှာ အင်မတန်လွယ်ကူလှတဲ့ အလုပ်ပါ။

လူငယ်တစ်ချို့အတွက် ဖားကန့်မြေဟာ လောပန်းလောင်အိမ်မက်ပါ။ သို့သော် လောပန်းလောင်း အိမ်မက် အကောင် အထည် မဖော်နိုင်သေးဘဲ မှော်ဆိုတဲ့ ဖားကန့်မြေမှာ မြေစာပုံတွေကြား အသက်တွေ ထပ်မံ စတေးခံရတာကို မလို လားတော့ပါ။

Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
ဖားကန့်မြေက လောပန်းလောင်း ဖားကန့်မြေက လောပန်းလောင်း Reviewed by THITHTOOLWIN on 08:11 Rating: 5
Powered by Blogger.