မုံရွာ၊ ဇူလိုင် ၂၄။
မြို့ရောတောပါ မကျန် လမ်းဘေးနေရာများတွင် ရောင်းချ ထိုးနေသော ၅၀ တန်မဲ လောင်းကစားများကို ဇူလိုင် ၂၃ ရက် နံနက် ၁၀ နာရီက မုံရွာမြို့နယ်မြေ ရဲစခန်းမှ အုပ်စု ၄ စုဖြန့်ခွဲ၍ ဒိုင်ချုပ်၊လက်ခွဲအရောင်းဒိုင်နှင့် ထိုးသားတို့အား လိုက်လံပြီး ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
၅၀ ကျပ်တန်မဲများကြောင့် မိသားစု စားဝတ်နေရေးများ၊ ကျောင်းသားကလေးငယ်များ၏ အကျင့်စရိတ္တများ ပျက်ပြားလာမှုကို လူမှုကွန်ရက်ဖေ့ဘုတ်တွင်လည်း ဝေဖန်သံများကျယ်လောင်စွာ ထွက်လာပြီးနောက် ရဲတပ်ဖွဲ့က ယခုလို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
အချိုရည်ဘူးသွားတိုက်ဆေး၊ခေါက်ဆွဲထုတ်၊ဟင်းချိုမှုန့်၊ ဘလူးတု အသံချဲ့စက်၊ဒယ်အိုး၊ ရေနွေးအိုး၊စသော လူသုးံကုန်ပစ္စည်းများ၊စားသောက်ကုန်များကို ချိတ်ဆွဲပြသ၍ မဲလိပ်များပေါ်တွင် ပေါက်မဲဂဏန်းများရေးကာ မဲတစ်လိပ်လျင်ငွေကျပ် ၅၀ နှုန်းဖြင့် ကံစမ်းစေသည့် ကစားစရာအမည်ခံ လောင်းကစားများမှာ မုံရွာမြို့တွင် ခေတ်စားလာသည်မှာ ၅လခန့်ပင် ကြာမြင့်နေပြီဖြစ်ကြောင်း မြို့ခံများက ပြောသည်။
"ရဲတပ်ဖွဲ့က ဖြန့်ချိတဲ့ ပင်ရင်းပါ အမြစ်ပျက် ဖမ်းနိုင်အောင် စောင့်ကြည့်လေ့လာမှုတွေ အချိန်ယူ လုပ်ရပါတယ်။ ဒါတွေဟာ ငွေကြေးနဲ့ လောင်းကစားလုပ်တာမို့ ဥပဒေက ခွင့်လွတ်မှာမဟုတ်ဘူးဆိုတာ ရောင်းနေတဲ့ ဆိုင်တွေကို သတိပေးတာတွေ လုပ်ပါတယ်။ ဒိုင်တွေဆီကို တိုက်ရိုတ် စီးနင်းလိုက်တော့ ရောင်းချဖို့ ပြင်ဆင်ဆဲ ပစ္စည်းစုဆောင်းဆဲ မဲဂိမ်းဘုတ်ပြားတွေ၊ဖြန့်ဖို့လုပ်နေတဲ့ ဘုတ်တွေ ဖမ်းမိပါတယ်။ ဒါတွေဖမ်းလို့ ရဲတပ်ဖွဲ့တာဝန်ပြီးပြီလားဆိုမပြီးသေးပါဘူး။ ဆက်လတ် ဖမ်းဆီးနေဦးမှာပါ "ဟု နယ်မြေရဲစခန်းမှူး ရဲအုပ်ရဲအောင်က မီဒီယာများကို ပြောသည်။
၎င်းမဲဘုတ်များတွင် မဲလိပ်ရေ နှစ်ထောင်ချိတ်ဆွဲထားပြီး ပစ္စည်းအမျိုးအစား ၃၅ မျိုးကို ပေါက်အောင် မဲနှိုက်ယူရခြင်းဖြစ်သည်။ မဲဘုတ်တစ်ခု၏ အမြင့်ဆုးံတန်ဖိုးမှာ ငွေကျပ်သုံးသောင်း ရှစ်ထောင်ကျသင့်ပြီး မဲလိပ်များအားလုံး ကုန်ပါက ငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ တန်ဖိုးကြီး ပစ္စည်းများ အစောဆုံးမဲပေါက်ထွက်သွားပါကလည်း ဒိုင်ချုပ်များမှ အခြားတန်ဖိုးကြီးလူကြိုက်များသော ပစ္စည်းအမျိုးအစားတစ်ခုကို ထပ်မံချိတ်ပေးကြောင်း သိရသည်။
"ကော်မရှင်နဲ့ ယူရောင်းတဲ့သူဆို တစ်သောင်းဖိုးရောင်းရရင် သူ့အတွက် တစ်ထောင့်ငါးရာပေးတယ်။ အပြတ်ဝယ်ချင်ရင် ၇ သောင်းနဲ့ ပေးပါတယ်။ ၅၀ တန်ဆို လောင်းကစားမဟုတ်ဘူး။ ၁၀၀တန်မှ လောင်းကစားမှုမြောက်တယ်ဆိုလို့ ဥပဒေနဲ့မညိဘူး ထင်လို့ လုပ်တာပါ "ဟု ဖမ်းဆီးခံရသော ဒိုင်ချုပ်တစ်ဦးက ပြောသည်။
ဖမ်းဆီးရမိသော ကံစမ်းမဲဘုတ်ပြားနှင့် ပစ္စည်းများကို ရဲတပ်ဖွဲ့မှ ရေတွက်ပြီး တန်ဖိုးကို အသေးစိတ်ထုတ်ပြန်မည်ဖြစ်ကြောင်း ဖမ်းမိထားသူ ၉ ဦးကိုလည်း အဆင့်အလိုက် လောင်းကစားပုဒ်များဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။
နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
ခေတ်စားလာသော ၅၀ တန်မဲ အရောင်းဒိုင်ချုပ်၊လက်ခွဲဒိုင်နှင့်ထိုးသားများအား မုံရွာရဲတပ်ဖွဲ့က ဖမ်းဆီး
Reviewed by THITHTOOLWIN
on
20:53
Rating:
