ရမ်းဗြဲနှင့် အမ်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်



နိရဉ္စရာ၊ ဇူလိုင် ၂၄

ရခိုင်အမျိုးသားပါတီမှ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရမ်းဗြဲနှင့် အမ်းမြို့နယ်ကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် ဒေါ်ထုမေသည် ရခိုင်အမျိုးသားပါတီဝင် အဖြစ်မှ ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင် နုတ်ထွက်လိုက်သည်ဟု သိရသည်။

သူမအနေဖြင့် ရခိုင်အမျိုးသားပါတီ၏ မူဝါဒအပေါ် အမြင်မတူညီမှုများနှင့် သဘောထား မတိုက်ဆိုင်၍ ယင်းသို့ နုတ်ထွက်လိုက်ရခြင်းဖြစ်သည်ဟု သူမ၏ ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်သို့ ပေးပို့သော နုတ်ထွက်စာတွင် ဖေါ်ပြထားသည်။

ဒေါ်ထုမေသည် ၂၀၀၆ ခုနှစ်တွင် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ALD သို့ ၀င်ရောက်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ်တွင် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ RNDP တို့ ပေါင်းစည်းလိုက်ပြီး ရခိုင်အမျိုးသားပါတီ ANP အဖြစ် ဖွဲ့စည်းလိုက်သောအခါ ပါတီဝင်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

ရခိုင်အမျိုးသားပါတီမှ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရမ်းဗြဲနှင့် အမ်းမြို့နယ်တို့ကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။

သူမအနေဖြင့် ရခိုင်အမျိုးသားပါတီ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရခြင်းနှင့်ပတ်သက်၍ သိရှိနိုင်ရန် နိရဉ္စရာသတင်းဌာနမှ ဒေါ်ထုမေသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းကို လက်ခံဖြေဆို ခဲ့ခြင်းမရှိပါ။

ဒေါ်ထုမေ၏ နုတ်ထွက်မှုသည် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်လ ၁၈ ရက်နေ့က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီး တစ်ပတ်ခန့် အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ရမ်းဗြဲနှင့် အမ်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ ရခိုင်အမျိုးသားပါတီမှ နုတ်ထွက် ရမ်းဗြဲနှင့် အမ်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ ရခိုင်အမျိုးသားပါတီမှ နုတ်ထွက် Reviewed by THITHTOOLWIN on 22:13 Rating: 5
Powered by Blogger.