လူကုန်ကူးမှုပါဝင် ထိုင်း ဗိုလ်ချုပ်ကြီး ထောင် ၂၇ နှစ်ကျ


ထိုင်း ဗိုလ်ချုပ်ကြီးတဦးနဲ့ မြန်မာနိုင်ငံသားအချို့ အပါအဝင် လူ ၆၂ ဦးကို ထိုင်းတရားရုံးက လူကုန်ကူးမှု အတွက် အပြစ်ရှိကြောင်း မနေ့က ဆုံးဖြတ်ပြီး ကြီးမားတဲ့ ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

၁၂ နာရီကြာ စစ်ဆေးကြားနာမှု အပြီးမှာ အပြင်းထန်ဆုံး အပြစ်ပေး ခံရသူက ရိုဟင်ဂျာလူမျိုး Anwar အန်ဝါ ခေါ် စိုးနိုင်ဆိုသူဖြစ်ပြီး သူ့ကို ထောင်ဒဏ် ၉၄ နှစ် ချမှတ်ခဲ့ပါတယ်။ တောတောင်တွေထဲက ပုန်းခိုစခန်းတွေမှာ လူကုန်ကူးခံရသူ အများအပြား သေဆုံးခဲ့မှုအတွက် သူဟာ အဓိကတာဝန်ရှိသူ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်း ဗိုလ်ချုပ်ကြီး Manas Kongpan မဲနက်စ် ကောင်းပန် ဆိုသူကိုတော့ ထောင်ဒဏ် ၂၇ နှစ်ချမှတ် ခဲ့ပါတယ်။ သူ့ကို ၂ဝ၁၃ ခုနှစ်မှာ ပြည်တွင်းလုံခြုံမှုဆိုင်ရာ စစ်ဆင်ရေးများ ဦးစီးချုပ်အဖြစ် ထိုင်းနိုင်ငံတောင်ပိုင်း တခုလုံးကို ကြီးကြပ်ဖို့ တာဝန်ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ကောင်းပန် ဟာ လူမှောင်ခိုဂိုဏ်းတွေထံက လဘ်ငွေအဖြစ် ကန် ဒေါ်လာ ၄ သိန်းခွဲလောက် ရယူခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်အစိုးရ ခေါင်းဆောင် ဝန်ကြီးချုပ် ပရာယု ချန်အိုချာက ဒီအမှုကြောင့် ထိုင်းစစ်တပ် က အရာရှိအားလုံးကို အပြစ်မတင်ကြပါနဲ့၊ စစ်သားအားလုံး ဒီလိုလူတွေ မဟုတ်ပါဖူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

တခြားနံမည်ကြီး လူမှောင်ခိုခေါင်းဆောင်တဦးဖြစ်တဲ့ အစိုးရအရှာရှိဟောင်း Ko Tong ကိုထောင်း ဆိုသူ ထိုင်းနိုင်ငံသား တရားခံတဦးကိုလည်း ဒီအမှုမှာ ထောင်ဒဏ် ၇၅ နှစ် အပြစ်ပေးခဲ့ပါတယ်။

ဒီအမှုဟာ ထိုင်းနိုင်ငံ လူကုန်ကူးမှု သမိုင်းမှာ ရုံးတင်စစ်ဆေးတဲ့ အကြီးဆုံး အမှုဖြစ်ပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရသူထဲက အချို့ကို လူသေမှု၊ မုဒိမ်းမှု၊ သက်သေတွေကို ခြိမ်းခြောက်မှုတွေနဲ့ပါ စွဲချက်တင်ထားပါတယ်။ ဒီတရားခံတွေဟာ မြန်မာ၊ လာအို နဲ့ ကမ္ဘောဒီးယားက ဆင်းရဲသားတွေကို ထိုင်းနဲ့ မလေးရှားမှောင်ခိုပို့သူတွေ ဖြစ်ပြီး ထိုင်းအစိုးရရဲ့ ၂ဝ၁၅ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေး စီမံချက်မှာ ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
လူကုန်ကူးမှုပါဝင် ထိုင်း ဗိုလ်ချုပ်ကြီး ထောင် ၂၇ နှစ်ကျ လူကုန်ကူးမှုပါဝင် ထိုင်း ဗိုလ်ချုပ်ကြီး ထောင် ၂၇ နှစ်ကျ Reviewed by THITHTOOLWIN on 07:57 Rating: 5
Powered by Blogger.