ကျောက်မျက်ဥပဒေ နည်းဥပဒေအတည်ပြုပြီးနောက် အသေးစား အလတ်စားလုပ်ကွက်တွေ ခွင့်ပြုပေးမည်

ကျောက်စိမ်းအရိုင်းတုံးတွေကို တွေ့ရစဉ်။ Photo: RFA
၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေ နဲ့ နည်းဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးတဲ့အခါ လုံးခင်း-ဖားကန့် ရတနာ နယ်မြေမှာ အသေးစား နဲ့ လက်လုပ် လက်စားလုပ်ကွက်တွေကို လုပ်ကိုင်ခွင့်ပြုမှာဖြစ်တယ်လို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး Hလအောင် က ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ  ကျောက်စိမ်းအရိုင်းတုံးရှာဖွေပြီး အသက်မွေးနေကြတဲ့ နိုင်ငံအနှံ့က တိုင်းရင်းသားပြည်သူတွေ ကို ကျောက်မျက်ရတနာအသေးစား လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုဖို့ အစီအစဉ် ရှိမရှိ ဖားကန့်မြို့နယ် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ဒီနေ့ ကျင်းပတဲ့ ပြည်နယ်လွှတ်တော်မှာ မေးမြန်းရာ ၀န်ကြီး ဦး H လအောင်က ဖြေကြား ခဲ့တာဖြစ်ပါတယ်။

"အသစ်ရေးဆွဲလျက်ရှိတဲ့ ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေကို အတည်ပြုရေးဆွဲ ပြီးနောက် နည်းဥပဒေကို ဆက်လက်ရေးဆွဲပြီးပါက လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ သို့မဟုတ် ရတနာနယ်မြေပြင် ပရှိ ကျောက်မျက်ရတနာအသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်များကို ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လုပ်ကိုင်ခွင့်များ ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်"

ကျောက်စိမ်းအရိုင်းတုံးတွေကို အမှီပြုပြီး နိုင်ငံအနှံ့ကနေ လာရောက်လုပ်ကိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေ ဟာ မြေပြင်မှာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး အဲဒီ ရေမဆေးသမားတွေ လုံခြုံစိတ်ချ ဘေးအန္တရယ် ကင်းစွာ လုပ်ကိုင်စားသောက်နိုင်ဖို့ မေးခွန်းမေးမြန်းရတာဖြစ်တယ်လို့ ဦးဒါရှီလဆိုင်းက တင်ပြခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေကို အမျိုးသားလွှတ်တော်မှာ ညှိနှိုင်းဆွေးနွေးနေပြီး အဲဒီဥပဒေကြမ်းမှာ အလတ်စား၊ အသေးစား နဲ့ လက်လုပ်လက်စားလုပ် ကွက် တွေနဲ့ပတ်သက်တဲ့ ပြဌာန်းချက်တွေ ပါဝင်ပါတယ်။ အလတ်စားလုပ်ကွက်တွေကို ပြည်ထောင်စု အစိုးရက စီမံခန့်ခွဲမှာဖြစ်ပြီး အသေးစားနဲ့ အလတ်စား လုပ်ကွက်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေကို လုပ်ကိုင်ခွင့်ပြုဖို့ ရေးဆွဲထားတာဖြစ်ပါတယ်။

မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ၁၉၉၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့မှာ အဲဒီဥပဒေကို ဒုတိယ အကြိမ်ထပ်မံပြင်ဆင်ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကျောက်မျက်ဥပဒေ နည်းဥပဒေအတည်ပြုပြီးနောက် အသေးစား အလတ်စားလုပ်ကွက်တွေ ခွင့်ပြုပေးမည် ကျောက်မျက်ဥပဒေ နည်းဥပဒေအတည်ပြုပြီးနောက် အသေးစား အလတ်စားလုပ်ကွက်တွေ ခွင့်ပြုပေးမည် Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.