စကိတ်စီးလူငယ်တွေ အရိုက်ခံရ

ပုံစာ- မြန်မာနိုင်ငံစကိတ်စီးအားကစားဝါသနာရှင်များ အသင်းမှ လူငယ်တွေ စကိတ်စီးလေ့ကျင့်နေစဉ်
လှည်းတန်းခုံးတံတားအောက်မှာ စကိတ်စီးလေ့ကျင့်နေတဲ့ လူငယ်ငါးယောက်ကို ဇူလိုင် ၁၆ရက်ညက လူနှစ်ဆယ်လောက်က ရိုက်နှက်သွားတဲ့အတွက် ဒီနေ့ နေ့လည်က ကမာရွတ်တရားရုံးမှာ ဦးတိုက်လျှောက် ထားလိုက်ပြီလို့ သိရပါတယ်။

မနေ့ညက ဖြစ်ဖြစ်ချင်းမှာပဲ ကမာရွတ်ရဲစခန်းကို သွားရောက်အမှုဖွင့်ခဲ့တယ်လို့ မြန်မာနိုင်ငံစကိတ်စီး အားကစားဝါသနာရှင်များ အသင်းဥက္ကဋ္ဌ ဦးလွင်လတ်က ဘီဘီစီကိုပြောပါတယ်။

ကမာရွတ်ရဲစခန်းမှာ ကနဦးတိုင်ချက်ဖွင့်စဉ်က ရဲအရေးမပိုင်တဲ့အမှုဖြစ်လို့ တရားရုံးကို ဦးတိုက်လျှောက်ပါ လို့ဆိုတဲ့အတွက် ဒီနေ့မနက်မှာ အရိုက်ခံရသူ ကိုစိုးထက်ဦးကတရားလိုပြုလုပ်ကာ ကမာရွတ်တရားရုံး ကိုဦးတိုက်လျှောက်ထားခဲ့ပြီး မျက်မြင်သက်သေ သုံးဦး ကလည်း လာရောက်သက်သေ ထွက်ဆို ပေးထားတယ် လို့ ပြောပါတယ်။

ဒီလူငယ် ငါးယောက်ဟာ လာမဲ့အောက်တိုဘာလ မလေးရှားမှာကျင်းပမဲ့ ဖိတ်ခေါ်ပြိုင်ပွဲအတွက် လေ့ကျင့် နေကြစဉ် အခုလို ရိုက်နှက်ခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ ညကဖမ်းမိတဲ့ ရိုက်နှက်သူအုပ်စုထဲက ပါဝင်သူ တစ်ဦးကိုရဲကစစ်မေးရာမှာတော့ သူ့အသိအကိုတစ်ဦးက စကိတ်စီးလေ့ကျင့်နေတဲ့လူငယ်တွေနဲ့ အရင်နေ့ ကစကားများထားတဲ့အတွက် သွားရိုက်ဖို့ခေါ်လို့ လက်သွေးတဲ့အနေနဲ့ ၀င်ရိုက်ခဲ့တာလို့ ထွက်ဆိုခဲ့တယ်လို့ ဦးလွင်လတ်ကပြောပါတယ်။

အရိုက်ခံရတဲ့ ငါးယောက်ထဲက ကိုစိုးထက်ဦးနဲ့ ကိုဖြိုးမောင်မောင်တို့ကတော့ ဦးခေါင်းနဲ့မျက်နှာမှာ ထိခိုက် သွားခဲ့ပြီး ဆေးရုံတက်ရောက်ပြီးကုသမှုခံယူခဲ့ရတယ်လို့ဆိုပါတယ်။

ဒီလူငယ်တွေဟာ လေ့ကျင့်စရာကွင်းမရှိတဲ့အတွက် လှည်းတန်းခုံးတံတားအောက်မှာ အမြဲလေ့ကျင့်နေ တဲ့လူငယ်တွေလည်းဖြစ်ပြီး အရင်ကလည်း သုံးခါလောက် ဒီလို အရိုက်ခံရဖူးတယ်လို့သိရပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/
စကိတ်စီးလူငယ်တွေ အရိုက်ခံရ စကိတ်စီးလူငယ်တွေ အရိုက်ခံရ Reviewed by THITHTOOLWIN on 16:26 Rating: 5
Powered by Blogger.