ချင်းတွင်းမြစ်ရေတိုက်စားပြီး ကမ်းပါး ပြိုကျမှုကြောင့် ရွာလုံးကျွတ် ပြောင်းရွေရ


ဇူလိုင်၊ ၆ ရက်

ချင်းတွင်းမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ဟုမ္မလင်းမြို့နယ်၊မှန်ပင်-ဇီးကျွန်းကျေးရွာရှိ လူနေအိမ်အားလုံး ရွေ့ပြောင်းထားရကြောင်း ၄င်းတို့ကို ကူညီပေးနေသည့် မှန်ပင်ရွာဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာတော်ဦးစိန္တာဗလက ပြောသည်။

ဇွန်လ၃၀ရက်မှစတင်ပြီး ကျေးရွာကမ်းပါးဆက်တိုက်ပြိုကျလာသောကြောင့် လွန်ခဲ့သော နှစ်ရက်ကစတင်ပြောင်းရွေ့လာခြင်းဖြစ်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယာယီနေရာချထားပေးရကြောင်း ဆရာတော်က ဆက်လက်ပြောကြားသည်။

''ကျောင်းမှာ သူတို့ကိုနေရာချထားပေးတော့ ကလေးတွေကိုကျောင်းတော့ဖွင့်လို့မဖြစ်တော့ဘူးပေါ့လေ။ ကျောင်း၅ရက်ပိတ်ထားတယ်။သူတို့နေရာတွေ မရှိတော့ဘူးဆိုတော့ ရေပြန်ကျသွားရင် ကျောင်းနောက်က မြေကွက်လပ်မှာ တဲတန်းရှည်ချပေးမလားပေါ့။မြို့နယ်က တာဝန်ရှိသူတွေနဲ့တိုင်ပင်ပြီးလုပ်သွားဖို့ရှိပါတယ်။''ဟု ဆရာတော်က ဆက်ပြောသည်။

လက်ရှိတွင် အဆိုပါကျောင်းတွင်သာ ချက်ပြုတ်စားသောက်ကြရပြီး ဟုမ္မလင်းမြို့NLDပါတီဝင်များမှ ဆန်၊ဆီ၊ခေါက်ဆွဲ၊ရေသန့်တို့ကို လာရောက်လှူဒါန်းခဲ့ကြောင်းနှင့် အခြားလာရောက်လှူဒါန်းမည့် အလှူရှင်များလည်းရှိကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့မှ ကျေးရွာခေါင်းဆောင် ဦးရေအေးက ပြောသည်။

အဆိုပါကျေးရွာတွင် အိမ်ထောင်စု၂၃ စု၊ လူဦးရေ ၁၂၀နေထိုင်လျှက်ရှိပြီး မြေပဲနှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးကြကြောင်းလည်း သိရသည်။
''အဲ့ကျွန်းလေးမှာ သီးပင်စားပင်စိုက်ပျိုးပြီးနေလာတာ အနှစ်၂၀ကျော်ပေါ့၊ခုလိုဖြစ်တော့ သားသမီးတွေရော မြေးတွေရောဒုက္ခရောက်ကြကုန်တယ်။နေဖို့ထိုင်ဖို့ ဘယ်လိုစီစဉ်ရမလဲမသိသေးပါဘူး'' ဇီးကျွန်းကျေးရွာမှ ပြောင်းရွေ့လာရသည့် ရွာသားတစ်ဦးဖြစ်သည့် ဦးဖိုးတုတ်ကဟုပြောကြားသည်။

ချင်းတွင်းမြစ်ရေတိုက်စားခြင်းကြောင့် မြစ်ကမ်းဘေးရှိ ကျေးရွာအချို့သည် ကမ်းပါးပြိုသည့်ဒဏ်ကို နှစ်စဉ်ခံစားနေရကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။

မိုးလေ၀သနှင့်ဇလဗေဒဦးစီးဋ္ဌာန၏ယနေ့ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် စိုးရိမ်ရေမှတ်အထက်နောက်တစ်ရက်ထိ တည်ရှိနိုင်ပြီး ဟုမ္မလင်းမြို့တွင် နောက်နှစ်ရက်ထိ ဆက်လက်တည်ရှိနိုင်ကြောင်းသိရသည်။

The Voice of Shan-Ni
https://www.facebook.com/shannivoicenewsjournal/
ချင်းတွင်းမြစ်ရေတိုက်စားပြီး ကမ်းပါး ပြိုကျမှုကြောင့် ရွာလုံးကျွတ် ပြောင်းရွေရ ချင်းတွင်းမြစ်ရေတိုက်စားပြီး ကမ်းပါး ပြိုကျမှုကြောင့် ရွာလုံးကျွတ် ပြောင်းရွေရ Reviewed by THITHTOOLWIN on 03:36 Rating: 5
Powered by Blogger.