မူဆယ်ဘက်သို့သွားမည့် ကျောက်စိမ်းသယ်လာသည့် ကားတစ်စီး ရေပူစစ်ဆေးရေးစခန်းတွင် ရပ်ထားခဲ့ပြီး ယာဉ်မောင်း တိမ်းရှောင်


ရှမ်းပြည်နယ်(မြောက်ပိုင်း ) သိန္နီမြို့နယ်ရှိ ရေပူစစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ(၁၅) ရက်ညပိုင်း စစ်ဆေးရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ် စစ်ဆေးရေးနယ်နိမိတ်အတွင်း ရပ်တန့်၍ပစ်ထားခဲ့သည့် ခရီးသည်တင်ကား တစ်စီး၏ နောက်ခန်းထဲမှ ငှက်ပျောသီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများအား ဖမ်းဆီးရမိထားကြောင်း သိရသည်။


“ည (၁၂)နာရီဝန်းကျင်မှာ စစ်ဆေးရေးလုပ်နေတဲ့အချိန် အဲဒီကားက အလယ်မှာ ပိတ်မိနေတာ။ ကျွန်တော်တို့က စစ်တဲ့ကားတွေကို စစ်တဲ့အချိန် အခြားကားတွေကလည်း ရပ်ထားရတာ။ အဲဒီကားရဲ့ရှေ့မှာ အစီး(၂၀)လောက် ရပ်ပြီး ပိတ်မိနေတာဖြစ်တဲ့အတွက် ကားမောင်းလာသူက ကားကိုသော့ တန်းလန်းနဲ့ပစ်ထားပြီး ရှောင်တိမ်း သွားခဲ့တာပါ။ ကားကတော့ လိုင်စင်ပါ ပါတယ်။ ခရီးသည်တင်ကား( Crown )တစ်စီးဖြစ်ပါတယ် “ဟု ရေပူ စစ်ဆေးရေးဂိတ်မှ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


ရေပူစစ်ဆေးရေးဂိတ်အတွင်း ယာဉ်များအားစစ်ဆေးနေစဉ် မန္တလေးမှ မူဆယ်သို့သွားမည့် အဆိုပါ ယာဉ်အား ရပ်တန့်၍ ယာဉ်မောင်းမှာတိမ်းရှောင်သွားခဲ့သည့်အတွက် ပိုင်ရှင်မဲ့ အနေဖြင့် ဖမ်းဆီးရမိထားခြင်းဖြစ်ပြီး ကျောက်စိမ်းများအား လားရှိုးမြို့ အကောက်ခွန်ဦးစီးဌာနသို့ ဇူလိုင်( ၁၆ )ရက်နံနက်ပိုင်းတွင် ပို့ဆောင်၍ တန်ဖိုးများ တွက်ချက်နေဆဲဖြစ်ကြောင်း ဦးတက်ထွန်းအောင်ထံမှ သိရသည်။
စစ်ဆေးရေးစခန်းအား ခြိမ်းခြောက်ခံရမှုများလည်းရှိနေကြောင်း သိရသည်။

သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း
Tachileik News Agency
http://www.tachileik.net
မူဆယ်ဘက်သို့သွားမည့် ကျောက်စိမ်းသယ်လာသည့် ကားတစ်စီး ရေပူစစ်ဆေးရေးစခန်းတွင် ရပ်ထားခဲ့ပြီး ယာဉ်မောင်း တိမ်းရှောင် မူဆယ်ဘက်သို့သွားမည့် ကျောက်စိမ်းသယ်လာသည့် ကားတစ်စီး ရေပူစစ်ဆေးရေးစခန်းတွင် ရပ်ထားခဲ့ပြီး ယာဉ်မောင်း တိမ်းရှောင် Reviewed by THITHTOOLWIN on 15:34 Rating: 5
Powered by Blogger.