နိရဉ္စရာ၊ ဇူလိုင် ၉
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တင်းမေကျေးရွာတွင် ယနေ့ နံနက်က လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အကြမ်းဖက်သမား ၂ ဦးသေဆုံးပြီး ၂ ဦးကို ဖမ်းမိကာ သေနတ် တစ်ချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့ သတင်းထုတ်ပြန်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၉ ရက် နံနက်ပိုင်းမှ စတင်၍ ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအုပ်စုနှင့်အနီးတစ်ဝိုက် ကင်းလှည့်ဆောင်ရွက်ရာ နံနက် ၁၁ နာရီတွင် တင်းမေကျေးရွာသို့ရောက်ရှိစဉ် ဖွေယော့ အစ္စ္စလမ်၏ နေအိမ်အတွင်းမှ လက်နက်ငယ်ဖြင့်အတွဲလိုက် အချက် ၂၀ ခန့် စတင် ပစ်ခတ်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များကပူးပေါင်းပိတ်ဆို့၍ လက်နက်ငယ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့ရာ နေအိမ်အတွင်းရှိအကြမ်းဖက်သမားများက မိုင်း ၁ လုံးဖောက်ခွဲ၍ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ နေအိမ်အတွင်းမှပြေးထွက်လာသည့် လက်နက်ကိုင်အကြမ်းဖက်သမား ၃ ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ် ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ကျန် အကြမ်းဖက်သမား ဖွေယော့အစ္စ္စလာမ် ၊လုံခြုံရေးတပ်ဖွဲ့ဝင်များအား နှောက်ယှက်ဟန့်တားသူ ဇာဘဲရ် ၇၀နှစ် (ဘ)ဆော်လီအာမက် တို့အား ဖမ်းဆီးမိခဲ့ကြောင်း ဖော်ပြသည်။
ပေါက်ကွဲမှုကြောင့်မီးလောင်ထားသည့် နေအိမ်အား ဆက်လက်ရှင်းလင်းရာ မီးလောင်ကျွမ်းထားသော ဘီအေ ၉၄ ၁ လက်၊ကျည်အိမ် ၂ ခု၊ ဘီအေ ၉၄ ကျည်ခွံ ၆တောင့်၊လုပ်သေနတ် ၁ လက်၊အသက်သွင်းထားသည့် ရီမု မိုင်း ၁ လုံး၊ လက်လုပ်မိုင်းပြုလုပ်ရန်ပြင်ဆင်ထားသည့် အချင်း ၄ လက်မ၊အလျား ၈ လက်မတစ်ဖက်ပိတ် ကားပစ်စတင်(Piston) ၁ ခု၊ အချင်း ၅လက်မ၊အလျား ၈ လက်မရှိ တစ်ဖက်ပိတ် ကားပစ်စတင် ၁ ခု၊ဒီတိုနေတာ(Detonator) ၈ ခု၊သေဆုံးသူ၏ခါးမှ ခါးပတ်ပိုက်ဆံအိတ်အတွင်းမှ ဘင်္ဂလားတာကာငွေ ၁၀၀၀ တန် ၁ ရွက်၊၁၀ တန် ၅ ရွက်၊ ၂၀ တန် ၇ ရွက်၊Symphonyဖုန်း ၁ လုံး၊မီးလောင်ကျွမ်းထားသည့် စကားပြောစက် ၄ လုံး၊အားသွင်းခုံ၊ကြိုး၊ဘက်ထရီ သုံးမရ ၃ ခု၊ဓာတ်ခဲခြောက် ၄ ခု၊ဓားရှည် ၆ ချောင်း၊မောင်းချဓား ၄ ချောင်း၊ဓားမ ၁ လက်၊လို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းတွင် ဆက်လက် ဖော်ပြသည်။
ပြန်လည် သိမ်းဆည်း ရရှိသည့် ဘီအေ ၉၄သေနတ်၁ လက် သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်က ကျီးကန်ပြင် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါသွားသည့် လက်နက်ဖြစ်ကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်နှင့်နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် တင်းမေကျေးရွာနှင့်ပတ်ဝန်းကျင်တစ်လျောက် နယ်မြေဆက်လက်ရှင်းလင်းလျက်ရှိကြောင်းသတင်းတွင် ဖော်ပြထားသည်။
Narinjara
https://www.facebook.com/Narinjara
ဘူးသီးတောင်မြို့နယ် တင်းမေ တိုက်ပွဲတွင် အကြမ်းဖက်သမား ၂ ဦးသေ၊ ၂ ဦး အရှင်ဖမ်းမိ
Reviewed by THITHTOOLWIN
on
21:40
Rating:
