စစ်ကိုင်းတိုင်းက လူဦးရေ ၈ထောင်နီးပါး ရေဘေးလွတ် ရာပြောင်းရွှေ့နေရ

မြစ်ရေတက်နေတဲ့အတွက် ရေနစ်မြုပ်နေတဲ့ အိမ်တချို့ကိုတွေ့ရစဉ်။ Photo:RFA
ချင်းတွင်းမြစ်ရေ ကြီးလာတာကြောင့် စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၇ မြို့နယ်က လူဦးရေ ၈ဝဝဝ နီး ပါးလောက် ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေကြရပြီး ခန္တီးမြို့နယ်မှာ လူ ၁ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

အိမ်ထောင်စု ၂ ထောင်ကျော်က လူဦးရေ ၈ ထောင်နီးပါး ပြောင်းရွှေ့နေရပြီး မုံရွာမြို့နယ်ထဲက ကျေးရွာတစ်ချို့ မှာ ရေ ၄ ပေကနေ ၆ ပေလောက်အထိ မြင့်တက်နေတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေးဦးစီးဌာနမှူး ဦးစဝီလီဖရန့်စ်က ပြောပါတယ်။

" ဘေးသင့်အိမ်ထောင်စုက ၂၃၁၉ စုပေါ့၊ ကျေးရွာအုပ်စုတစ်စုက လူဦးရေမရသေးဘူး၊ ဒါပေမဲ့ အိမ်ထောင်စုတော့ ရထားပြီပေါ့နော်၊ အားလုံးပေါင်း ၈ ထောင်နီးပါးလောက်ရှိမယ့် အနေအထားရှိတယ်၊ မုံရွာရယ် နောက် ဖောင်းပြင်တို့ မော်လိုက်တို့၊ ကလေးဝတို့ မင်းကင်းတို့ အဲလိုနည်းနည်းစီတိုးတာရှိတယ်၊ ခန္တီးမှာ ဒီနေ့ တစ်ယောက်သေတယ်၊ ရေနစ်ပြီးတော့ အမျိုးသားပေါ့၊ မုံရွာက စိုးရိမ်ရေမှတ် အထက်မှာ ၃၄ စင်တီမီတာရှိတာပေါ့၊ ဦးတို့မနေ့ကတော့ အဲရွာတွေထဲဆင်းကြည့်တာ၊ ၄ ပေလောက်ရှိတယ်၊ တစ်ချို့နေရာ လည်း ၅ ပေ ၆ ပေလောက်နစ်တာပေါ့။ "

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ စာရင်းအရ မုံရွာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနဲ့ မင်းကင်း မြို့နယ်တွေက လူဦးရေ ၃ ထောင်ကျော် ရေဘေးလွတ်ရာကို ပြောင်းရွှေ့ထားရတာဖြစ်တဲ့အတွက် ၂ ရက် အတွင်း မှာ ရေဘေးသင့်လူဦးရေ ၅ ထောင်နီးပါးလောက် တိုးလာတာ ဖြစ်ပါတယ်။

မုံရွာမြို့နယ်အတွင်းက ကျေးရွာ ၆ ရွာမှာ ရေတွေဝင်ရောက်နေတာကြောင့် ပစ္စည်းတွေ၊ ကျွဲ၊ နွား တိရစ္ဆာန် တွေကို နီးစပ်ရာရေဘေးလွတ်တဲ့ တာလမ်းမပေါ်တွေကို ပြောင်းရွှေ့ထားကြပြီး လူတွေကတော့ နေအိမ်အပေါ်ထပ်တွေ မှာ နေထိုင်နေကြရတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ခန္တီးမြို့နယ်ဘက်မှာ ဒုတိယရေထပ်မံတိုးလာတာကြောင့် ရေဘေးသင့်လူဦးရေ ထပ်တိုးလာနိုင်တယ် လို့လည်း ဦးစဝီလီဖရန့်စ် က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
စစ်ကိုင်းတိုင်းက လူဦးရေ ၈ထောင်နီးပါး ရေဘေးလွတ် ရာပြောင်းရွှေ့နေရ စစ်ကိုင်းတိုင်းက လူဦးရေ ၈ထောင်နီးပါး ရေဘေးလွတ် ရာပြောင်းရွှေ့နေရ Reviewed by THITHTOOLWIN on 18:20 Rating: 5
Powered by Blogger.