သာစည်မြို့နယ်တွင် သေနတ်များဖမ်းဆီးရမိ၊ ဆက်စပ်တရားခံနှင့် ကွင်းဆက်တရားခံများ ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိ


ဇူလိုင် ၁၉၊ ၂၀၁၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၊ ကျွဲတပ်ဆုံတိုးဂိတ်တွင် ဇူလိုင် ၁၉ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က မန္တလေးသို့ပို့ဆောင်မည့် မောင်းပြန်သေနတ် (၂၂) လက် ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့တို့က သက်သေများနှင့်အတူ ကျွဲတပ်ဆုံ တိုးဂိတ်အနီးတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် လွိုင်ကော်မှ မန္တလေးဘက်သို့ သွားရန်ရောက်ရှိလာသော နေစိုးထွေးမင်း(ခ)ကိုစိုင်း၊ ၄၄ နှစ်၊ (ဖ) ဦးစိုးထွေး၊ မင်္ဂလာ ရပ်ကွက် လွိုင်ကော်မြို့နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဇနီးဖြစ်သူ မမြတ်ဆုနှင်း၊ ၄၆ နှစ်၊ (ဖ) ဦးကျော်လှ(လိပ်စာတူ)သူတို့ လိုက်ပါစီးနင်းလာသော ယာဉ်အမှတ် 2D/5608 မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်၏နောက်ခန်းအတွင်းမှ အဖြူရောင် ဆာလာအိတ်အတွင်း မွေ့ယာဖြင့်ပတ်ထားပြီး သိုဝှက်သယ်ဆောင်လာသော HK-33 မောင်းပြန်ရိုင်ဖယ် ၂၀ လက် (ကျည်အိမ်ပါ)နှင့် AK-47 မောင်းပြန်ရိုင်ဖယ် (၂)လက် (ကျည်အိမ်မပါ) သိမ်းဆည်း ရမိခဲ့သည်။


နေစိုးထွေးမင်းနှင့်ဇနီးဖြစ်သူတို့အား စစ်ဆေးရာ မန္တလေးမြို့အောင်မြေ သာစံမြို့နယ် အင်းလေးတည်းခိုခန်းတွင် တည်းခိုနေသော ကျုံလျန်ဆန်း(ခ)မောရာ၊ ၄၅ နှစ်၊ ကလေးမြို့ တာဟန်းရပ်ကွက်နေသူထံ ပို့ဆောင်ခငွေကျပ်(၁၅)သိန်းဖြင့် ပို့ဆောင်ရန် သယ်ဆောင် လာခြင်းဖြစ်ကြောင်း သိရပြီး ကျုံလျန်ဆန်း(ခ)မောရာအား ဇူလိုင်လ ၂၀ ရက်နေ့ မနက် တွင် အင်းလေးတည်းခိုခန်းတွင် ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ လွိုင်ကော်မြို့ရှိ နေစိုးထွေးမင်း၏ နေအိမ်အား ဆက်လက် ရှာဖွေရာတွင် ဒီတိုနေတာ တစ်ထုပ်လျှင်(၅၀၀)ခုပါ (၂၆) ထုပ်၊ ယမ်းစိမ်း တစ်ထုပ်လျှင် (၉၀)ကျပ်သားပါ (၆၀)ထုပ် နှင့် ငွေသား ကျပ်(၁၄၀)သိန်းတို့အား သိမ်းဆည်းရမိခဲ့သည်။


ဖမ်းဆီးရမိသည့်လက်နက်များအား ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင် လာခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ ဧပြီလတွင် တစ်ကြိမ်သယ်ယူခဲ့ပြီး ယခုဖမ်းဆီးရမိသည့်အကြိမ်သည် တတိယအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လက်နက်များအား တရားမဝင်သယ်ဆောင်သူများဖြစ်ကြသော နေစိုးထွေးမင်း၊ မြတ်ဆုနှင်းနှင့် ကျုံလျန်ဆန်း(ခ)မောရာ တို့အား သာစည်မြို့ရဲစခန်းမှ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆက်လက်၍ လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများ တရားမဝင်သယ်ယူလာသည့် ကွင်းဆက်တရားခံများနှင့် ဆက်စပ်တရားခံများအား ဆက်လက်၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
သာစည်မြို့နယ်တွင် သေနတ်များဖမ်းဆီးရမိ၊ ဆက်စပ်တရားခံနှင့် ကွင်းဆက်တရားခံများ ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိ  သာစည်မြို့နယ်တွင် သေနတ်များဖမ်းဆီးရမိ၊ ဆက်စပ်တရားခံနှင့် ကွင်းဆက်တရားခံများ ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိ Reviewed by THITHTOOLWIN on 19:27 Rating: 5
Powered by Blogger.