ဂျပန်ရဲ့ အမျိုးသမီးမဝင်ရကျွန်း ကမ္ဘာ့ယဉ်ကျေးမှုအမွေစာရင်းဝင်လာ


ဂျပန်နိုင်ငံက ဘာသာရေးအရ အထွတ်အမြတ် ထားကြတဲ့ အိုကီနိုရှီးမားကျွန်းကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့(UNESCO) ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် အဖြစ်
ထည့်သွင်းလိုက်ပါတယ်။

၁၇ ရာစုကတည်းက အဲဒီကျွန်းမှာ ရှင်တိုဘာသာဝင် အိုကစ်ဆု ဝတ်ပြုကျောင်းဆောင်တခုကို တည်ဆောက်ထားခဲ့ပြီး အဲဒီနေရာကို အမျိုးသမီးတွေ ဝင်ခွင့် မရှိပါဘူး။ ပင်လယ်ရေကြောင်း ခရီးသွား သင်္ဘောသားတွေ ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် အဲဒီကျွန်းမှာ ဆုတောင်းလေ့ ရှိပါတယ်။

ဝတ်ပြုသူ အမျိုးသားတွေဟာ ကျွန်းပေါ်ကို ခြေမချခင် အဝတ်အစား အားလုံးကို ချွတ်ရတဲ့ အပြင် သန့်ရှင်း စင်ကြယ်အောင်လည်း အရင် လုပ်ရပါတယ်။ သူတို့ ကျွန်းပေါ်ကနေ ပြန်တဲ့ အခါမှာလည်း အမှတ်တရ ပစ္စည်း တခုခု ပြန်လည် ယူဆောင်သွားတာမျိုး မလုပ်ရသလို ကျွန်းပေါ်က အကြောင်းအရာတွေကိုလည်း အပြင်မှာ ပြန်ပြောခွင့် မရှိပါဘူး။


ဂျပန်တိုင်းမ်သတင်းစာရဲ့ ရေးသားချက်မှာတော့ အဲဒီ အိုကစ်ဆု ဝတ်ပြုဆောင် မဆောက်ခင် နှစ်ကာလ ရှည်ကြာကတည်းက ကိုရီးယားနဲ့ တရုတ် ပြည်ကို ဆက်သွယ်ပြီး ရေကြောင်း ကုန်သွယ်ရေး လုပ်နေသူ ဂျပန်လူမျိုး သမုဒ္ဒရာ ခရီးသွားတွေ လုံခြုံရေး အတွက် အိုကီနိုရှီးမားကျွန်းမှာ ဆုတောင်းပွဲတွေ လုပ်တဲ့ အလေ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကျွန်းပေါ်မှာ ကိုရီးယားကျွန်းဆွယ်က ရွေလက်စွပ်ကွင်းတွေ အပါအဝင် နိုင်ငံရပ်ခြားက လက်ဆောင် အဖြစ် ယူဆောင်လာခဲ့ကြတဲ့ သမိုင်းဝင် အနုပညာ ပစ္စည်းလက်ရာတွေ ရှိတယ်လို့လည်း ဂျပန်တိုင်းမ်က ဆိုပါတယ်။

အခုအခါ နှစ်စဉ် မတ်လ ၂၇ ရက်နေ့ ရောက်တိုင်း အဲဒီကျွန်းကို ပြင်ပ ဧည့်သည်တွေကို ၁ ရက်တာ လာရောက် လည်ပတ်ခွင့် ပေးပေမယ့် ရှေးဟောင်း ဥပဒေသ ပြဋ္ဌာန်းချက်တွေကတော့ ရှိနေဆဲပါပဲ။

ဧည့်သည် အရေအတွက်ကို ၂၀၀ အထိသာ ကန့်သတ်ထားပြီး လာရောက်သူတွေဟာ ဘာသာရေး အရ ရွတ်ဖတ်တာတွေနဲ့ အတူ ပင်လယ်ရေမှာ ကိုယ်လက် သန့်ရှင်းအောင် လုပ်ရသလို အငြင်းပွားဖွယ်ရာ အဖြစ် အမျိုးသမီးတွေကို ဝင်ရောက်ခွင့် မပြုပါဘူး။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/
ဂျပန်ရဲ့ အမျိုးသမီးမဝင်ရကျွန်း ကမ္ဘာ့ယဉ်ကျေးမှုအမွေစာရင်းဝင်လာ ဂျပန်ရဲ့ အမျိုးသမီးမဝင်ရကျွန်း ကမ္ဘာ့ယဉ်ကျေးမှုအမွေစာရင်းဝင်လာ Reviewed by THITHTOOLWIN on 16:14 Rating: 5
Powered by Blogger.