ကလေးအလောင်းပျောက်ဆုံးမှုကို အမှုဖွင့်တိုင်ကြား

ရန်ကုန်မြို့ ရန်ကင်း ကလေးဆေးရုံကြီးကို တွေ့ရစဉ်။ Photo: Htet Arkar/RFA
ရန်ကင်းကလေးဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတဲ့ ၄ လအရွယ် ကလေးငယ်ရဲ့ အလောင်းပျောက်ဆုံးမှုကြောင့် ရန်ကင်းရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သေဆုံးသွားတဲ့ ကလေးငယ် ရဲ့အဒေါ်ဖြစ်သူက ပြောပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့က ရန်ကင်းရဲစခန်းမှာ အမှုဖွင့်လိုက်တာဖြစ်ပြီး ဒီနေ့ တရားလိုပြသက်သေတွေ ထွက်ဆိုခဲ့ ရတယ်လို့ ကလေးငယ်ရဲ့ အဒေါ်ဖြစ်သူ မဂျာဘောက်မိုင် က ပြောပါတယ်။

" အစ်မတို့က ၂၉ ရက်နေ့က ဖွင့်လိုက်တာ၊ ရန်ကင်းရဲစခန်းမှာပါပဲ၊ ကလေးအလောင်း ပျောက်ဆုံး သွားတယ်ဆိုတဲ့ အကြောင်းကို အမှုဖွင့်တိုင်တန်းထားတာပါ၊ ပုဒ်မကတော့ ၂၉၇ နဲ့ သူတို့ ဖွင့်ထားပေးတယ်လို့ပြောတယ်၊ အစ်မတို့ ဒီနေ့ ရဲစခန်းမှာ လိုပြသက်သေထွက် ဆိုနေပါတယ်"

ကလေးငယ်ဟာ သွေးအားနည်းရောဂါနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကတည်းက ဆေးရုံတက်ရောက်ကုသနေ တာ ဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်းမှာ သေဆုံးသွားတာဖြစ်ပါတယ်။

ရုပ်အလောင်းကို ဆေးရုံရဲ့ အအေးခန်းထဲ ပို့ဆောင်ခဲ့ကာ ၂၆ ရက်နေ့မှာ သေစာရင်းသွားယူခဲ့ပြီး ၂၇ ရက်နေ့မှာ ခရစ်ယာန်ထုံးစံအတိုင်း ရေဝေးသုသာန်မှာ သဂြိုလ်ဖို့အတွက် အလောင်းသွားထုတ်ရာမှာ တစ်ခြားကလေး အလောင်းကို ထုတ်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

အအေးခန်း တာဝန်ရှိသူတွေကို မေးမြန်းတဲ့အခါ သေချာတဲ့အဖြေကို မရခဲ့တာကြောင့် ကလေးအလောင်းမပါဘဲ အင်္ကျီအ၀တ်အစားတွေထည့်ပြီးသာ ဂူသွင်းသဂြိုလ်ခဲ့ရတယ်လည်း သိရပါတယ်။

ဥပဒေအတိုင်းဆောင်ရွက်သွားမယ့်အကြောင်း ဆေးရုံအုပ်ကြီးကို တရားဝင် အသိပေးထားပြီးဖြစ်သလို ဆေးရုံ အုပ်ကြီးက ဘုတ်အဖွဲ့ဝင်တွေနဲ့ အစည်းအဝေး ထိုင်ပြီး အကြောင်းပြန်ပေးမယ်လို့ ပြောကြားခဲ့ကြောင်း မဂျာဘောက်မိုင်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကလေးအလောင်းပျောက်ဆုံးမှုကို အမှုဖွင့်တိုင်ကြား ကလေးအလောင်းပျောက်ဆုံးမှုကို အမှုဖွင့်တိုင်ကြား Reviewed by THITHTOOLWIN on 17:55 Rating: 5
Powered by Blogger.