ဗလီနဲ့တူတယ်ဆိုပြီး အဆောက်အအုံ ဖျက်ခံရ

 ကျောက်ပန်းတောင်းက ဖျက်ခံရတဲ့ အဆောက်အအုံ
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း မြို့နယ် မှာ ဆောက်လက်စ အဆောက် အအုံ တစ်ခု ကို ဗလီ နဲ့ တူတယ် ဆိုပြီး ဖြိုဖျက် ပေးဖို့ လူတစ်စုက တောင်း ဆို ခဲ့ကြပါတယ်။

လူပေါင်း များစွာ စုပြုံ ဝိုင်းအုံ လာတဲ့ အတွက် ရပ်ရွာ ဆူပူမှာ ကို စိုးရိမ်တာကြောင့် နောက်ဆုံး မှာ အဲဒီ အဆောက်အအုံ ကို ဖျက်ပေး လိုက်ရတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့မှာ ကျောက်ပန်းတောင်း မြို့တဝိုက်က ထောင်နဲ့ချီတဲ့ လူတွေက ဒီအဆောက်အအုံရှေ့မှာ ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြသလို ၊ တဖြည်းဖြည်းနဲ့ အနားက လာကြည့်သူတွေရော များပြားလာကာ ရုန်းရင်းဆန်ခတ် ဖြစ်လာတာကြောင့် အခြေအနေကို ထိန်းသိမ်းတဲ့ အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ၊ မြို့မိမြို့ဖတွေ ၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့တွေ အားလုံး တိုင်ပင်ကာ အဆောက်အအုံကို ဖျက်ပေးခဲ့တာ ဖြစ်တယ်လို့ ကျောက်ပန်းတောင်း ကိုယ်စားပြု NLD ပါတီ က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းခိုင် ကပြောပါတယ်။

အဖျက်ခံရတဲ့ အဆောက်အအုံဟာ ကျောက်ပန်းတောင်း မြို့နယ် သာယာအေး ရပ်ကွက်မှာ ရှိပြီး ဆောက်လုပ်ဆဲ ဖြစ်ပေမယ့် စည်ပင်ခွင့်ပြုချက် တောင်းထားတာ မရှိဘဲ ဆောက်ခဲ့တာလို့ ကျောက်ပန်းတောင်း အမတ်ဦးဝင်းခိုင် က အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒီအဆောက် အအုံဟာ အပြင်ပန်း ပြီးလာချိန်မှာ တဖြည်းဖြည်း ဗလီ နဲ့ တူလာတယ်လို့ ပြောဆိုမှုတွေ ရှိလာခဲ့ပြီး အလုံးအထည် ပေါ်လာချိန်မှာ အခုလို ပြဿနာ တက်ခဲ့တာလို့ ဦးဝင်းခိုင်က ဆိုပါတယ်။

ပိုင်ရှင်ဟာ အနားက ရွာတွေဖက်ကလို့ ဆိုပြီး မြန်မာ ဗုဒ္ဓဘာသာဝင် ဖြစ်ပေမယ့် အခင်းဖြစ်ပွားချိန်မှာ ထွက်ပြေး သွားတယ်လို့ ကျောက်ပန်းတောင်း လွှတ်တော် အမတ် က ပြောပါတယ်။

ကျောက်ပန်းတောင် မြို့နယ်ဟာ ပုပ္ပား တောင်ရဲ့ အနောက်တောင်ဖက်မှာ ရှိပြီး ရှေး အဆက်ဆက် ကတည်းက ဘာသာခြား မရှိတဲ့ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ မြို့အဖြစ် လူသိများပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဗလီနဲ့တူတယ်ဆိုပြီး အဆောက်အအုံ ဖျက်ခံရ ဗလီနဲ့တူတယ်ဆိုပြီး အဆောက်အအုံ ဖျက်ခံရ Reviewed by THITHTOOLWIN on 10:07 Rating: 5
Powered by Blogger.