မြောက်ဦး ၊ ဇူလှိုင် ၂၇
ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်ရှိ ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးများဖြန်းလျက်ရှိပြီး တစ်အိမ်ထောင်လျင် ငွေတစ်ထောင်ကျပ်စီ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ပေးသွင်းရကြောင်း လက်ကောက်ဈေးရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။
ငွေကြေးကောက်ခံမှုနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်မေးမြန်းရာတွင် ခြင်ဆေးဖြန်းမှုနှင့်ပတ်သက်ပြီး ရပ်ကွက်အတွင်းရှိ ပြည်သူများထံမှ ငွေကြေးကောက်ခံရန် စေခိုင်းထားခြင်းမရှိကြောင်းနှင့် ယခုကဲ့သို့ ကောက်ခံနေမှုကိုလည်း စုံစမ်းသွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် မှ DMG သို့ ပြောသည်။
လတ်တလောဖြစ်ပွားနေသည့် H1N1 နှင့် H5N1 အပါအဝင် သွေးလွန်တုတ်ကွေး ရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် မြောက်ဦးမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ခြင်ဆေးဖြန်းရန်အတွက် ဓာတ်ဆီအပါအဝင် ခြင်ဆေးများကို ရခိုင်ပြည်နယ်အစိုးရမှ အခမဲ့ ဖြန့်ဝေပေးခြင်းဖြစ်ပြီး မည့်သည့် ငွေကြေးတစုံတရာ ကောက်ခံခိုင်းခြင်းမျိုး မရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းနှင့် ပြန် ကြားရေး ဥက္ကဌ ဝန်ကြီး ဦးမင်းအောင် က ပြောသည်။
ယခုကဲ့သို့ တစ်အိမ်ထောင်လျင် ငွေတစ်ထောင်နှုန်းကောက်ခံခြင်းမှာ ဆေးဖိုးနှင့်ဓာတ်ဆီ စရိတ်အတွက် ကောက်ခံခြင်းဖြစ်ကြောင်း လက်ကောက်ဈေးရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ငွေကောက်ခံနေသူထံက သိရသည်။
ယနေ့ (ဇူလှိုင်လ ၂၇ ရက်) စတင်ပြီး မြောက်ဦးမြို့ လက်ကောက်ဈေးရပ်ကွက်မှ စတင်ကာ ခြင်ဆေးဖြန်းခြင်း ကို ဆောင်ရွက်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးနှင့်အဖွဲ့ကို တစ်အိမ်လျင် ငွေတစ်ထောင်ကျပ်စီ ပေးသွင်းရကြောင်း ကံလှရပ်ကွက်နှင့်လက်ကောက်ဈေးရပ်ကွက်အတွင်း နေထိုင်သူများကပြောသည်။
H1N1ရောဂါမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခြင်းမရှိသေးသော်လည်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ် နှင့် တနင်္သာရီတိုင်းရှိ မြို့နယ်များတွင် ရောဂါဖြစ်ပွားမှုကို တွေ့ရှိခဲ့ရပြီး ဇူလှိုင်လ ၂၇ ရက်နေ့အထိ သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
မြင့်မြတ်ဖြူ / DMG
ဓာတ်ပုံ - မြင့်မြတ်ဖြူ
Development Media Group
https://www.facebook.com/dmgnewsagency
မြောက်ဦးမြို့ပေါ်ရပ်ကွက်များကို တစ်အိမ်ထောင်လျင် ငွေတစ်ထောင်ကျပ်နှုန်းကောက်ခံ၍ ခြင်းဆေးဖြန်း
Reviewed by THITHTOOLWIN
on
19:39
Rating:
