ကျောင်းတွေရဲ့ လက်တွေ့ ပြဿနာများ - ဒေါက်တာခင်မောင်ညို


လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကပါ။ ကျွန်တော်စည်ပင်သာယာရုံးတစ်ရုံးကကြော်ငြာသင်ပုန်းမှာရေးထားတာကို ဖတ်ကြည့်မိတယ်။ “သန့်ရှင်းသမားတစ်ယောက်ကို အလိုရှိကြောင်း” ခေါ်ထားတာပါ။

သူရဲ့ လစာကိုဖတ်ကြည့်တော့အတော်အံ့သြသွားတယ်။သူရဲ့လစာဟာ အရာရှိလစာထက်များနေတာကိုတွေ့ရတယ်။

ဒီအကြောင်းကို သူငယ်ချင်းတစ်ယောက်ကိုပြောပြတော့သူက “ခင်ဗျား သန့်ရှင်းရေးဝန်ထမ်းလုပ်ရဲလို့လားတဲ့”

ကျွန်တော်သူ့မေးခွန်းကိုမဖြေပါ။

“အဲဒီဝန်ထမ်းတွေမှာ Outside တွေရှိသေးတယ်။ ပလပ်စတစ်တွေကောက်တာမျိုး၊ အိမ်တွေက ပေးတာမျိုးတွေရှိ တယ်။ အဲဒါတွေလည်း လခလောက်တော့ရတယ်”တဲ့။

ကျွန်တော်ကသန့်ရှင်းဝန်ထမ်းလုပ်ရဲမရဲနဲ့မဆိုင်ပါ။ ထိုဝန်ထမ်းရဲ့လစာနဲ့သူရဲ့အပိုဝင်ငွေဟာ အခြေခံစားဝတ်နေရေး အတွက်လောက်ငှရုံလေးလောက်တော့ရှိမှာသေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ သန့်ရှင်းရေးဝန်ထမ်း သူရဲ့လခ နှင့် အပိုဝင်ငွေကိုစု၍ သူဌေးဖြစ်လာတာကိုမမြင်ဖူးမကြားဖူးလို့ပါပဲ။ဒါဆိုရင်ကျွန်တော်ဘာကိုမနာလိုဖြစ်နေ တာလဲ တဲ့။ မနာလိုမဖြစ်ရိုးအမှန်ပါ။ကျွန်တော်မေးချင်တာက စည်ပင်သာယာအဖွဲ့မှာ အရံငွေသို့မဟုတ်အပိုငွေအတော်လေး ရှိနေတာကိုက လိုအပ်ချက်တစ်ခုပဲလား။

“လိုအပ်ချက်ပဲလေ။အမှိုက်တွေပုံနေရင် တစ်ရက်ဆိုတစ်ရက်သိသာတယ်။ ကျန်းမာရေးမညီညွတ်ဘူး။ သူတို့အရံ ငွေရှိတော့ လည်းကောင်းတာပေါ့ဗျာ။စည်ပင်သာယာရေးအလုပ်တွေကိုလုပ်လို့ရတာပေါ့”တဲ့။

ကျွန်တော်သဘောတူပါတယ်။

ကျွန်တော်တို့ရန်ကုန်မြို့မှာနေထိုင်သူတွေရဲ့ရေခွန်မြေခွန် သန့်ရှင်းရေးခွန်းများဟာ တရိတ်ရိတ် တက်လာနေတာ ကိုအားလုံးသိကြမှာပါ။ဒါဟာလည်းမြို့တော်စည်ပင်ရေးအတွက်လိုအပ်လို့ပါပဲ။

ဒါဆိုရင် အခြားအဖွဲ့အစည်းတွေကော။မြို့နယ်တစ်မြို့နယ်မှာ အဖွဲ့အစည်းတွေအများကြီးရှိတယ်လေ။

လူဝင် မှုကြီးကြပ် ရေးအဖွဲ့ အခွန်အဖွဲ့နဲ့ တရားရေးအဖွဲ့ တွေတော့ရှိမယ် ။  ရဲတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ တွေလည်းရှိတယ်။ သူ တို့မှာ ၀န်ထမ်းတွေရှိတယ်။အုပ်ချုပ်ရေးစရိတ်တွေရှိတယ်။မြို့ပြမှာနေထိုင်တဲ့ အတွက် အပိုငွေတွေအများကြီး အကုန်အကျရှိတယ်။ဧည့်ခံစရိတ်တို့ ကျန်းမာရေးစရိတ်တို့ပေါ့။

သူတို့ဘယ်လိုရပ်တည်နေကြလဲ။

ကျွန်တော်စဉ်းစားမိတာပါ။ ဒါကိုဆက်စပ်ပြီး ကျွန်တော်အနည်းငယ်ကျွမ်းကျင်တဲ့ပညာရေးအပိုင်းကိုပဲပြော ချင်ပါတယ်။

ကျောင်းတွေရဲ့ပြဿနာပေါ့။

မကြာသေးမီက ကျွန်တော့သူငယ်ချင်း ကျောင်းအုပ်ကြီး(ငြိမ်း)ကပြောတယ်။

“ကျောင်းတွေတော့ဒုက္ခပါပဲကွာ”တဲ့။

“ဘာဖြစ်လို့လဲ”

“ခုကျောင်းမှာ ဘာပိုက်ဆံမှမကောက်ရတော့ဘူးတဲ့၊ပိုက်ဆံကောက်တဲ့ကျောင်းအုပ်ကြီးကိုအရေးယူမယ်တဲ့ ”

“ဟုတ်တယ်။ ခါတိုင်းကျောင်း အပ်တဲ့အခါ မိဘတွေဟာ အထွေထွေ လို့ပြောနေကြတဲ့ မိဘဆရာအသင်းကြေး တစ်ထောင်ကနေသုံးထောင်လောက်အထိပေးနေရတယ်”

“ယခုနှစ်မှာတော့ လုံးဝမကောက်ရတော့ဘူးတဲ့။ ဒီလိုအမိန့်ထုတ်ပြန်ထားတဲ့အတွက် မိဘတွေက ပိုက်ဆံကောက်တဲ့ ကျောင်းအုပ်ကြီး တွေကိုတိုင်တယ်။ရံပုံငွေအတွက်  ကော်ပီစာအုပ်တွေရောင်းတဲ့ ကျောင်းအုပ်ကြီးတွေ ကိုတိုင် တယ်။ ဆရာကြီးတွေအရေးယူခံရတာအများကြီးပဲ”

“ဒါမကောင်းဘူးလား”



“မင်းမသိဘူးနော်ကျောင်းတစ်ကျောင်းကို Run ဖို့ဆိုတာ လုံလောက်တဲ့ဘတ်ဂျက်လိုတယ်”

“အစိုးရက ချပေးတယ်မဟုတ်လား။အသေးသုံးတို့ဘာတို့”

“အဲဒါကိုပြောတာပေါ့။အဲဒီငွေတွေကမဖြစ်စလောက်လေးကွ၊ငါပြောပြမယ်။ဥပမာဗိုလ်တစ်ထောင်အထက (၅) ဆိုပါတော့ ကျောင်းသား သုံးထောင်ကျော်ရှိတယ်။ အိမ်သာအလုံး(၆၀)ကျော်ရှိတယ်”

“လူငါးဆယ်အိမ်သာတစ်လုံးနှုန်းပေါ့”

“ဟုတ်တယ်၊ အဲဒီအိမ်သာတွေကို သန့်ရှင်းရေး လုပ်ဖို့အစိုသန့်ရှင်းရေးဝန်ထမ်းတစ်ယောက်တည်းနဲ့တော့မရဘူး”

“ဒီလောက်များတဲ့အိမ်သာတွေ ဘယ်လိုမှ တစ်ယောက်ထဲလုပ်လို့မရဘူး။ဒါကနေ့စဉ်အလုပ်ပဲ။ တစ်ယောက်ထဲဆိုရင် သေသွားမှာပေါ့”

“နောက်အမှိုက်တွေလှဲတဲ့အခြောက်သန့်ရှင်းရေး၊သူလည်းတစ်ယောက်ထဲတော့မရပြန်ဘူး”

“ဟုတ်”

“အဲဒီအမှိုက်တွေကို စုထားပြီးတစ်ပတ်တစ်ခါ ပစ်ဖို့အမှိုက်ကားခေါ်ရတယ်။ တစ်ပတ်တစ်ပတ် အမှိုက်ကားလာဖို့ ငွေ ခုနှစ် ထောင် လောက်ပေးရတယ်”

“သူတို့က ဒီထဲဝင်ဖို့ ဆီလိုတာကိုး”

“ဟုတ်တယ်။ ၀န်ထမ်းလည်းလိုတယ်။လုပ်အားလည်းလိုတယ်။ တို့ကျောင်းမှာလည်းအိမ်သာတွေကိုရေ ရောက်ဖို့ ရေစင် ကိုရေ တင်ရတယ်။အဲဒါ စက်မောင်းရတယ်။စက်ကို ဒီဇယ်နဲ့မောင်းရတယ်။ ဒီဇယ် ဘယ်ကရလဲ”

“သြော်အင်း”

“ဒါက ငါအသေးအမွှားလေးကိုပြောတာ၊ ကျောင်းတစ်ကျောင်းကို run ဖို့စနစ်တကျ ဖွဲ့စည်းလုပ်ကိုင်ဖို့လိုတာငါသိပါ တယ်။ ဒါပေမဲ့ ဒီအဖွဲ့ဟာရံပုံငွေရှိဖို့တော့လိုတာပေါ့”

“ကျောင်းတွေက ဘယ်လိုလုပ်လဲ”

“ငါကျောင်းအုပ်လုပ်စဉ်ကတော့ မိဘဆရာအသင်းံပုံငွေဆိုပြီးသေသေချာချာစာရင်းပြုစုကောက်ခံတယ်။ပြီးတော့ ကျောင်း အတွက်သုံးတယ်။ ကိုယ်ကျိုးအတွက်တစ်ပြားမှမသုံးဘူး။ စာရင်းလာစစ်လေ။ စစ်လို့အလွဲသုံးစားလုပ်ထား တာတွေကို တွေ့ရင် ငါ့ကိုဖမ်းဆီးအရေးယူထောင်ချပေါ့”

“ခုမကောက်ရဘူးဆိုတော့ဘာတွေဖြစ်ကုန်ပြီလဲ”

“ငါတော့မသိဘူး။စာရင်းအင်းမရှိတာတော့သေချာတာပေါ့။ မင်းတို့က နိုင်ငံတကာရောက်နေတော့ ပညာရေးနဲ့ ပတ်သက်ပြီးသူတို့ဘယ်လိုလုပ်လဲပြောပါဦး”

 သူပြောတော့မှ နိုင်ငံတကာအကြောင်းစဉ်းစားရတယ်။ ပညာရေးနဲ့ပတ်သက်ပြီး အသုံးစရိတ်တွေကို အင်္ဂလန်နဲ့အမေရိကန်ပြည်ထောင်စုရဲ့သုံးပုံသုံးနည်းကိုလေ့လာခဲ့ဖူးတယ်။ သူတို့က အခမဲ့ပညာရေး Public School တွေရှိတယ်။ Private School တွေကိုတက်ချင်ရင်တော့ ပိုက်ဆံပေးရတယ်။ Public School တွေကို

သက်ဆိုင်ရာမြို့နယ်ကောင်စီတွေကတာဝန်ယူရတယ်။ စာအုပ်တွေအခမဲ့ပေးဝေတယ်။ နေ့လည်စာကျွေးတဲ့ ကျောင်းတွေရှိတယ်။အင်္ဂလန်ကတော့ အသက် ၁၆ နှစ်အထိကျောင်းနေရတယ်။ကျောင်းက နေ့လယ်စာကအစ စာအုပ်အထိ အားလုံးအခမဲ့ပေးတယ်။ အမေရိကန်ပြည်ထောင်စုကကျောင်းတွေမှာအချို့ပြည်နယ်က Laptop ကွန်ပြူတာပါအခမဲ့ပေးတာတွေလည်းရှိတယ်။ အနည်းဆုံးတော့ကျောင်းမှာသုံးခွင့်ရှိတယ်။ အစိုးရက ချပေးတဲ့ဘတ်ဂျက်လည်းရှိတယ်။အတော်လေးတော့ရှုပ်ထွေးတယ်။သူသိချင်တာကိုတော့ သိမှတ်သမျှပြောရပါတယ်။

“ငါကဘတ်ဂျက်အနေနဲ့သိပ်ကြီးတော့မသိဘူး။ အမေရိကန်နဲ့အင်္ဂလိပ်တွေလုပ်တဲ့ပုံစံကိုပြောချင်ပါတယ်။ သူတို့ဆီမှာ ကျောင်းတွေကိုသက်ဆိုင်ရာ ဒေသတွေကတာဝန်ယူရတယ်။မြို့နယ်တွေပြည်နယ်တွေကနေတာဝန်ယူ ဘတ်ဂျက်တွေချ ပေးတယ်။အိမ်ပိုင်ရှင်တွေအားလုံးဟာ Property Tax ဆိုတဲ့ အခွန်တွေပေးရတယ်။ပိုင်ဆိုင်မှု အခွန်ပေါ့။ ဒီအခွန် အတော် များ များဟာ ပညာရေးအသုံးစရိတ်တွေထဲကိုရောက်တယ်လို့ဆိုတယ်။ ကျွန်တော့်မိတ်ဆွေကတော့ပြောတယ်။အိမ်ရဲ့ တန်ဘိုး ၁၀% ကို Property Taxအနေနဲ့ပေးရတယ်လို့ဆိုတယ်။ သူ့အိမ်က ဒေါ်လာတစ်သန်းတန်တော့ တစ်နှစ်ဒေါ်လာ တစ်သောင်းပေးရတယ်တဲ့”

“အတော်ပေးရတာပဲ”

“ဟုတ်တယ်၊ ကျောင်းကောင်းတယ်။ဒါမှမဟုတ်အနီးအပါးမှာ ကျောင်းတွေများရင် Property Tax ပိုပေး ရတယ်လို့လည်း တစ်ယောက်ကဆိုတယ်။ ကျွန်တော်နယူးယောက်ပြည်နယ် မှာတွေ့ဖူးတဲ့အဖိုးကြီးနဲ့ အဖွားကြီးလင်မယား က သူတို့ Taxas ကိုပြောင်းတော့မယ်တဲ့။ဘာကြောင့်လဲဆိုတော့သူတို့လက်ရှိနေတဲ့အရပ်မှာ ကျောင်းတွေကောင်းလို့ Property Tax တွေပိုပေးနေရတယ်လို့ပြောတယ်။ ကျောင်းကောင်းတဲ့အရပ်တွေမှာအိမ်တွေလည်းဈေးကြီးတယ်။  Tax လည်းများ တယ်လို့ဆိုတယ်။ ကျွန်တော်သဘောပေါက်တာက ကျောင်းတွေဟာ တစ်ကျောင်းနဲ့တစ်ကျောင်းမတူဘူး။ အရမ်းကောင်း တဲ့ကျောင်း တွေရှိတယ်။ အဲဒီကျောင်းမှာနေချင်ရင် အဲဒီအနီးတစ်ဝိုက်ကိုသွားနေဖို့တော့လိုတယ်။ဒါကြောင့်ကျောင်း ကောင်းတဲ့အနားကအိမ်ဟာဈေးပိုကြီးတယ်။ဒါပေမဲ့ Property Tax လည်းပိုများတယ်။ဒါကြောင့် ကိုယ်ခလေးတွေကြီးလာရင်ကျောင်းနဲ့ဝေးတဲ့နေရာကိုပြေးတော့တာပဲ”

“ကျွန်တော့်ကိုဘတ်ဂျက်အကြောင်းပြောပါဦး”

“ဒါကတော့ရှင်းနေတာပဲလေ။ ကျောင်းကောင်းကောင်းအတွက်ဘတ်ဂျက်များများရတယ်။ သူက ဘဏ်စာရင်းနဲ့ ငွေပေးငွေယူလုပ်ရတော့ ဘယ်သူမှအလွဲသုံးစားလုပ်လို့မရဘူး။ လုပ်ရင်လည်းမိတာပါပဲ။ ကျောင်းကောင်းကောင်းမှာဆရာဆရာမကောင်းကောင်းတွေကိုလစာကောင်းကောင်းပေးခေါ်တာပါပဲ။ မူလတန်းမှာဆိုရင် တစ်တန်းကိုကျောင်းသား၂၀ လောက်ပဲ ရှိပြီး မိဘတွေက တစ်ပတ်တစ်ရက်အလှည့်ကျ စာသင်ခန်းထဲဝင်ထိုင်ရတယ်။ ကျောင်းသားတွေကိုဘယ်လိုသင်တယ်။ဘာတွေသင်တယ်ဆိုတာကိုသိအောင်ပေါ့”

“စာကြည့်တိုက်ကော”

“စာကြည့်တိုက်ဝင်ရတယ်။အိမ်စာတွေလုပ်ရတယ်။အားကစား၊ ဂီတ ၀ါသနာပါတာကိုလုပ်ရတယ်”

“ကျောင်းအုပ်ကြီးက ဘာတွေခေါင်းကိုက်စရာရှိလဲ”

“ငွေရေးကြေးရေး ဘာမှဂ၇ုစိုက်စရာမရှိဘူး။လိုတာတွေကိုသုံးနိုင်တယ်။ခေါင်းကိုက်တာက စာမတတ်သူတွေ၊ ကျောင်းသားဆိုးတွေကိစ္စပါပဲ။ မရိုက်မပုတ်ရဘူးဆိုတော့ ကျောင်းသားဆိုးတွေအများကြီးရှိတယ်။စည်းရုံးယူရတာပေါ့။ တော်ရုံတန်ရုံလူဆိုရင် ဆရာမလုပ်နိုင်ကြပါဘူး။ မြန်မာပြည်ကိုရောက်လာပြီး အပြင်ကျောင်းတွေမှာလာသင်တဲ့ နိုင်ငံခြားသားဆရာဆရာမတွေကိုတွေ့ဖူးတယ်။မြန်မာကျောင်းသားတွေဟာ အံ့သြလောက်အောင်စည်း ကမ်းလိုက်နာ တယ် လို့ပြောပါတယ်”

“ဒါကမြန်မာ့ဓလေ့ကိုး”

“အင်းဗျာ၊ ကျောင်းသားကောင်း၊ဆရာကောင်းပြီးကျောင်းကောင်းတဲ့အုပ်ချုပ်ရေးကောင်းတွေဖြစ်လာအောင် တစ်ခုခုတော့ပံ့ပိုးဖို့လိုတာပေါ့”

“ခင်ဗျားပြောသလိုဆိုရင်တော့ ပြည်သူ့လူမှုအဖွဲ့အစည်း Civil Society တွေက ပံ့ပိုးဖို့လိုတာပေါ့။ ကျောင်းအကျိုးဆောင် အသင်းတွေကိုအကူအညီတောင်းရမှာပဲ။ သူတို့ကတဆင့် ကျောင်းမှာလိုအပ်တဲ့ ထိုက်သင့်သလောက်ငွေကြေး ကောက်ခံဖို့တော့လိုတယ်။ ဒါမှမဟုတ်လည်းတိုင်ပင်ဆွေးနွေးလုပ်ဆောင်သင့်တာပဲ”

“ငွေမရှိရင်အဆင်မပြေဘူးပေါ့လေ။ ဒါတွေကိုစဉ်းစားဖို့တော့လိုသဗျ”

“လိုပါတယ်”

                                                                                    ဒေါက်တာခင်မောင်ညို
ကျောင်းတွေရဲ့ လက်တွေ့ ပြဿနာများ - ဒေါက်တာခင်မောင်ညို ကျောင်းတွေရဲ့ လက်တွေ့ ပြဿနာများ - ဒေါက်တာခင်မောင်ညို Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.