မစ္စယန်ဟီးလီရဲ့ ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း အရေးကြီး အဆိုတင်

NLDပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာကို ဇူလိုင်လ ၂၄ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် တွေ့ရစဉ်။ Photo: Win Ko Ko Latt/ RFA
ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက် အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာ က တင်သွင်းလိုက်ပါ တယ်။

မစ္စယန်ဟီးလီရဲ့ ထုတ်ပြချက်ဟာ ရခိုင်ပြည်နယ်ရဲ့ ပကတိ အခြေအနေကို ထည့်သွင်း ဖော်ပြခြင်းမရှိတာ၊ မြန်မာ အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို မျက်ကွယ်ပြုတာ၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက် မှုတွေကိုလျစ်လျူရှုတာကြောင့် အခုလိုကန့်ကွက်တာဖြစ်တယ်လို့ ကိုယ်စားလှယ် ဒေါ်သန္တာက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

မစ္စယန်ဟီးလီဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က မြန်မာနိုင်ငံကို စတင်ရောက်ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ ၁၂ ရက်တာ ခရီးစဉ်အတွင်း ပဋိပက္ခဖြစ်ပွား ရာ ဒေသတွေဖြစ်တဲ့ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေကို သွားရောက်ခဲ့ပါတယ်။ မစ္စယန်ဟီးလီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ၆ ကြိမ်မြောက်ဖြစ်ပြီး ခရီးစဉ်အပြီး မှာတော့ တွေ့ရှိချက်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ချက်ထရီယမ်ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မစ္စယန်ဟီးလီရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ သတင်းထုတ်ပြန်ချက်ဟာ မပြည့်စုံဘဲထိမ်ချန်ထားတာတွေ ရှိတယ်လို့လည်း အဆိုတင်သွင်းတဲ့ ကိုယ်စားလှယ် ဒေါ်သန္တာက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး တွေ့ရှိချက်ကို ထုတ်ပြန်ရာမှာ ခရီးစဉ်အတွင်း သူနဲ့ တွေ့ဆုံခဲ့ သူတွေဟာ တာဝန်ရှိသူတွေကို ကြောက်လန့်နေကြောင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်က ဒေသအချို့ကို အစိုးရက လုံခြုံရေး အကြောင်းပြချက်နဲ့ သွားခွင့် မပြုခဲ့ကြောင်း ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ် မှာ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ အချို့မှာ ရှေ့နေ မရှိကြောင်း ထည့်သွင်းဖော်ပြထားတာဖြစ် ပါတယ်။

ဒေါ်သန္တာ တင်သွင်းတဲ့ အရေးကြီးအဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် လွှတ်တော်မှာ ဆက်လက် ဆွေးနွေးဖို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

မစ္စယန်ဟီးလီရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ယေဘူယျစွပ်စွဲချက်တွေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေ ပါဝင်နေကြောင်း အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ စိတ်ပျက် ရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မစ္စယန်ဟီးလီဟာ အဲဒီတွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် ကုသသမဂ္ဂလူ့အခွင့်အရေး ညီလာခံမှာ တင်ပြသွားမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မစ္စယန်ဟီးလီရဲ့ ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း အရေးကြီး အဆိုတင် မစ္စယန်ဟီးလီရဲ့ ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း အရေးကြီး အဆိုတင် Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.