မိုးရွာသွန်းမှု၊ မြစ်ရေတိုးလာမှုတို့ကြောင့် ဘားအံမြို့မြေနိမ့်ပိုင်းရှိ လူနေအိမ်ဝိုင်းများသို့ရေများစတင်ဝင်ရောက်


ဘားအံ ဇူလိုင် ၁၇

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှု၊ သံလွင်မြစ်ရေတိုးလာမှုတို့ကြောင့်ဇူလိုင် ၁၇ ရက်က မြို့ပေါ်အချို့ရပ်ကွက်များရှိ မြေနိမ့်ပိုင်းတွင် နေထိုင်ကြသော လူနေအိမ်ဝိုင်းများအတွင်းသို့ ရေများစတင်ဝင်ရောက်၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

ဇူလိုင်လ ၁၇ ရက် နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘားအံမြို့တွင် မိုးရေချိန်(၂.၇၂)လက်မ ရွာသွန်းခဲ့ပြီး သံလွင်မြစ်ရေသည် ညနေ ၃ နာရီခွဲအချိန် တိုင်းတာချက်များအရ ၇၂၃ စင်တီမီတာသို့ရောက်ရှိနေကာနောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနိုင်ပါသဖြင့် မြစ်ချောင်းများဘေး နေထိုင်သူ များနှင့် အနိမ့်ပိုင်းတွင်နေထိုင်သူများ အထူးဂရုပြုကြရန် လိုအပ်နေပြီဖြစ်ကြောင်း သိရသည်။


ကရင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်က ဇွန်၊ ဇူလိုင်၊ သြဂုတ်လများအတွင်း ရေကြီးမှုများကို ၂ ကြိမ် ကြုံတွေ့ခဲ့ရပြီး ဘားအံ၊ လှိုင်းဘွဲ၊ ဖာပွန်မြို့နယ်များ၌ ပထအကြိမ်တွင် ရေဘေးစခန်း ၄ ခု၊ ဒုတိယ အကြိမ်တွင် ရေဘေးစခန်း ၁၅ ခု ဖွင့်လှစ်ခဲ့ရကာ အိမ်ထောင်စုပေါင်း ၁၃၉၉ စု၊ လူဦးရေ ၇၅၂၆ ဦး ရေဘေးသင့်ခဲ့ရာမှ ဆုံးရှုံးမှုတန်ဘိုး ၄၅၄.၄၅ သန်း ရှိကြောင်း သိရသည်။

အလားတူ ၂၀၁၆ ခုနှစ်တွင် မြ၀တီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ရေကြီးမှုများဖြင့် ကြုံတွေ့ခဲ့ရကာမြ၀တီမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၅ ခု၊ အိမ်ထောင်စု ၂၈၈ စု၊ လူဦးရေ ၁၃၄၈ ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၃ ခု၊ အိမ်ထောင်စု ၆၀ စု၊ လူဦးရေ ၂၇၈ ဦး ရေဘေးသင့်ခဲ့ကြကာ ဆန်ရိက္ခာ၊ ငါးသေတ္တာနှင့် ရေသန့်တို့ကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့ရကြောင်းနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်စေတနာရှင်အလှူရှင်များမှလည်း လိုအပ်သည်များ ထောက်ပံ့ကူညီပေးခဲ့ ရကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးရွာသွန်းမှု၊ မြစ်ရေတိုးလာမှုတို့ကြောင့် ဘားအံမြို့မြေနိမ့်ပိုင်းရှိ လူနေအိမ်ဝိုင်းများသို့ရေများစတင်ဝင်ရောက် မိုးရွာသွန်းမှု၊ မြစ်ရေတိုးလာမှုတို့ကြောင့် ဘားအံမြို့မြေနိမ့်ပိုင်းရှိ လူနေအိမ်ဝိုင်းများသို့ရေများစတင်ဝင်ရောက် Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.