မကွေးတိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်း ၁၃၀ ခန့်  ဧရာဝတီမြစ်ရေကြီး၍ ယာယီပိတ်ထားရ

မကွေးတိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းများ ဧရာဝတီမြစ်ရေကြီး၍ ယာယီပိတ်ထားရ
မကွေး ဇူလိုင် ၁၆

ဧရာဝတီမြစ်ရေ ဆက်တိုက်မြင့်တက်မှုကြောင့် မကွေး၊ မင်းဘူး၊ ရေနံချောင်း၊ ရေစကြို၊ ချောက်၊ ပွင့်ဖြူ၊ ပခုက္ကူနှင့် စလင်းမြို့နယ်များရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း ၁၃ဝ ခန့် ယာယီပိတ်ထားရသည်ဟု သိရသည်။

ဧရာဝတီမြစ်ရေ ဆက်တိုက်မြင့်တက်မှုကြောင့် မကွေးတိုင်းဒေသကြီးရှိ မြို့နယ်ခုနစ်မြို့နယ်တို့တွင် ဇူလိုင် ၁၆ ရက်အထိ စာသင်ကျောင်း ၁၂၉ ကျောင်း ယာယီပိတ်ထားရကြောင်း တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနမှ သိရသည်။ မကွေးမြို့နယ်တွင် တစ်ကျောင်း၊ ရေနံချောင်းမြို့နယ်တွင် ငါးကျောင်း၊ ချောက်မြို့နယ်တွင် နှစ်ကျောင်း၊ မင်းဘူးမြို့နယ်တွင် နှစ်ကျောင်း၊ ပွင့်ဖြူမြို့နယ်တွင် ရှစ်ကျောင်း၊ စလင်းမြို့နယ်တွင် ၁၇ ကျောင်း၊ ပခုက္ကူမြို့နယ် တွင် ၃၆ ကျောင်းနှင့် ရေစကြိုမြို့နယ်တွင် ၅၈ ကျောင်း ယာယီပိတ်ထားရ ကြောင်း သိရသည်။

''မြစ်ရေတက်လို့ သွားလာရေးကအစ အဆင်မပြေတော့ဘူး။ ဒါကြောင့် ကျောင်းတွေယာယီပိတ်ထားရတာပါ။ မြစ်ရေကျဆင်းသွားလို့ ကျောင်းပြန်ဖွင့်ရင် ကျောင်းပိတ်ချိန်တွေမှာ အချိန်ပိုသဘောမျိုးနဲ့ သင်ခန်းစာတွေကို ပြန်လည် သင်ကြားပေးမှာပါ''ဟု မကွေးမြို့နယ်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

ပိတ်ထားရသော စာသင်ကျောင်းများအနက် အထက်တန်းကျောင်း ကိုးကျောင်းပါဝင်ပြီး ကျောင်းသားစုစုပေါင်း ၁၇၂ဝ၉ ဦး ပညာသင်ကြားရေး အခက်အခဲဖြစ်ရသည်ဟု သိရသည်။ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာအချို့ရှိ စာသင်ကျောင်းအချို့လည်း ပိတ်ထားရမည့် အခြေအနေ ဖြစ်နေပြီး သရက်မြို့နယ် ရေပေါ်ကျွန်းကျေးရွာစာသင်ကျောင်းလည်း မြစ်ရေ မြင့်တက်လာမှုကြောင့် နီးစပ်ရာဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့သင်ကြားနေရ ကြောင်း ဒေသခံများက ပြောသည်။

(ဇွဲထက်ရှင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
မကွေးတိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်း ၁၃၀ ခန့်  ဧရာဝတီမြစ်ရေကြီး၍ ယာယီပိတ်ထားရ မကွေးတိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်း ၁၃၀ ခန့်  ဧရာဝတီမြစ်ရေကြီး၍ ယာယီပိတ်ထားရ Reviewed by THITHTOOLWIN on 16:31 Rating: 5
Powered by Blogger.