တောင်ကျချောင်းရေတိုက်စားမှုကြောင့် ကော့သောင်း-ဘုတ်ပြင်း လမ်းပေါ် တံတားတစ်စင်းမြေကျွံနိမ့်ဆင်း မှုဖြစ်ပွား


ဘုတ်ပြင်း ၊ ဇူလိုင် ၂၇ ရက်

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းတိုက်စားမှုကြောင့် ကော့သောင်း-ဘုတ်ပြင်းလမ်းမကြီးလမ်းပိုင်း ဘုတ်ပြင်းမြို့နယ် ၊ ထောင်ခမတ်ကျေးရွာအုပ်စု ၊ တောင်ဒဂုံ ဆီအုန်း စိုက်ပျိုးရေးကုမ္ပဏီအနီး မဟဲဆီချောင်းကူး ကွန်ကရစ်တံတားတစ်စင်း မြေကျွံနိမ့်ဆင်းမှု ဇူလိုင်လ ၂၆ရက်နေ့ ည(၁၁)နာရီခန့် က ဖြစ်ပွားခဲ့သည်။


အဆိုပါတံတားမှာ ကော့သောင်း-ဘုတ်ပြင်း လမ်းမကြီး မိုင်တိုင်အမှတ် (၁၅၈/၄-၅) အနီး မဟဲဆီချောင်း ကူး အလျား ၉၀ပေ အကျယ် ၁၈ပေ ၊ခံနိုင်ဝန် ၃၀တန် ရှိ ကွန်ကရက်တံတားဖြစ်ပြီး ယမန်နေ့ညပိုင်း က မိုးသည်းထန်စွာရွာသွန်းကာတောင်ကျရေစီးဆင်းသဖြင့် တံတားအလယ်တိုင် အောက်ခြေများ ရေတိုက်စားခံရကာ မြေကျွံနိမ့်ဆင်းပြီး တံတားအလယ်ပိုင်းကြမ်းခင်းများဗွီသဏ္ဍာန် နိမ့်ဆင်းခဲ့သဖြင့် ယာဉ် နှင့်လူ များသွားလာမှု ရပ်တန့်ပိတ်ဆို့ခဲ့ရခြင်းဖြစ်သည်။


ဖြစ်စဉ်ဖြစ်ပွားရာသို့ ကော့သောင်းခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလွင် နှင့်တာဝန်ရှိသူများ အနီးအနားနယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများ ဘုတ်ပြင်းမြို့နယ်အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူများ ၊ တောင်ဒဂုံ ဆီအုန်း စိုက်ပျိုးရေးကုမ္ပဏီ ၊ ကျေးရွာတာဝန်ရှိအဖွဲ့အစည်းများနှင့် ကျေးရွာပြည်သူများဝိုင်းဝန်း ကာ ခရီးသွား ပြည်သူများ ယာယီဖြတ်သန်းသွားလာ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပြီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များဖြတ်သန်းသွားလာမှု မပြုနိုင်သေးကြောင်း ၊ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရေး ကော့သောင်းခရိုင်လမ်းဦးစီးဌာန မှ မြေကျွံနိမ့်ကျမှုဖြစ်ပွားခဲ့သည့်တံတား၏ အထက်ဘက်ပေ(၂၀)ခန့်အကွာ မှ အရှည်၁၀၀ပေ ၊အကျယ် ၁၂ ပေ ၊ ခံနိုင်ဝန်(၁၃)တန် ရှိ ဘေလီ တံတားတစ်စင်း ထိုးပေးမည်ဖြစ်ကြောင်း ၊ ဘေလီတံတားထိုးရာတွင် အချိန်(၁၀)ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Iprd Kawthoung Iprd
တောင်ကျချောင်းရေတိုက်စားမှုကြောင့် ကော့သောင်း-ဘုတ်ပြင်း လမ်းပေါ် တံတားတစ်စင်းမြေကျွံနိမ့်ဆင်း မှုဖြစ်ပွား တောင်ကျချောင်းရေတိုက်စားမှုကြောင့် ကော့သောင်း-ဘုတ်ပြင်း လမ်းပေါ် တံတားတစ်စင်းမြေကျွံနိမ့်ဆင်း မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:03 Rating: 5
Powered by Blogger.