နတ်မြစ်အတွင်း မသင်္ကာဖွယ်ရာ လှေတစ်စီးအား ပစ်ခတ်ဖမ်းဆီးရာမှ စိတ်ကြွ ဆေးပြားများနှင့်အတူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားနှစ်ဦး ဖမ်းမိ


နိရဉ္စရာ၊ ဇူလိုင် ၂၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နတ်မြစ်အတွင်း မသင်္ကာဖွယ်ရာ လှေတစ်စီးအား ပစ်ခတ် ဖမ်းဆီးရာမှ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၂ ဦးကို ယာဘား စိတ်ကြွးဆေးပြား ၁၉၈၅၀ နှင့် အတူ ယနေ့နံနက်က ဖမ်းဆီးရမိခဲ့သည်ဟု နယ်ခြားစောင့် တပ်ဖွဲ့သတင်းအရ သိရသည်။

ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက် ၁ နာရီခန့် အချိန်တွင် မောင်တောမြို့နယ်အမှတ်(၁)ဝင်/ထွက် စခန်း POE တွင် တပ်စွဲထားသည့် ဓညဝတီရေတပ်စခန်းဌာနချုပ် အမှတ် (၁၆) စစ်ရေယာဉ်စုမှ နတ်မြစ်အတွင်း အမြန်တိုက်ခိုက်ရေး ရေယာဉ်ငယ်များဖြင့် ကင်းလှည့်နေစဉ် စံပယ်ပင်ရင်း ချောင်းအနီး သို့အရောက် ရေယာဉ်၏ တောင်ဘက် ကိုက် ၁၀၀ ခန့်အကွာတွင် တစ်ဘက် နိုင်ငံ ဘင်္ဂလားဒေ့ရှ်ဘက်သို့ လှော်ခတ်နေသော မင်္သကာဖွယ် လက်ခတ်လှေ တစ်စီးအား တွေ့ရှိ ခဲ့သည်ဟု ဆိုသည်။

၎င်းလှေအား မီးအချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ ကမ်းဘက်သို့ ပြန်လှည့် လှော်ခတ် ထွက်ပြေးသဖြင့် လက်နက်ငယ်ဖြင့် လိုက်လံခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ နံနက် ၂ နာရီ ၅ မိနစ် အချိန်တွင် စံပယ်ပင်ရင်း ချောင်းဝအနီးတွင် အလျား ၁၈ ပေ၊ အနံ ၄ ပေ ရှိ လှေတစ်စီးနှင့် အတူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၂ ဦးကို ဖမ်းဆီးမိခဲ့သည်။

လှေပေါ်တွင် ပါလာသည့် ပလပ်စတစ်ဖြင့် ထုပ်ထားသည့် အထုပ်၂ ထုပ်အား ဖွင့်ဖောက် စစ်ဆေးခဲ့ရာ WY နှင့် R အမှတ်သား တံဆိပ်ပါ စိတ်ကြွဆေးပြား ၁၉၈၅၀ ပြား (ကာလတန်ဖိုး ကျပ်သိန်း ၃၉၇၀၀၀၀၀ သိန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီး ရမိခဲ့ကြောင်း အမည် မဖော်လိုသူ POE အရာရှိတစ်ဦးမှ အတည်ပြုပြောကြားသည်။

ဖမ်းခံရသူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၂ ဦးမှာ တက်ကနက်မြို့နယ် နီလာရွာမှ ဂျာရင်အာလောင် (၃၅) နှစ် (ဘ) ဒူဒူမိရာ နှင့် ရော်ဖီ (၃၃)နှ စ် (ဘ) မိုဟာမောက်ဖော်ကန် တို့ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စု(မောင်တော) အားလွဲပြောင်း ပေးအပ်ခဲ့ပြီး ဖမ်းဆီးရမိသော နိုင်ငံခြားသားများအား ဥပဒေအတိုင်း အရေးယူဆောင်ရွက်ရန် လုပ်ဆောင် နေကြောင်း သိရပါသည်။

အောင်ကျော်မင်း(မောင်တော)
Narinjara
https://www.facebook.com/Narinjara
နတ်မြစ်အတွင်း မသင်္ကာဖွယ်ရာ လှေတစ်စီးအား ပစ်ခတ်ဖမ်းဆီးရာမှ စိတ်ကြွ ဆေးပြားများနှင့်အတူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားနှစ်ဦး ဖမ်းမိ နတ်မြစ်အတွင်း မသင်္ကာဖွယ်ရာ လှေတစ်စီးအား ပစ်ခတ်ဖမ်းဆီးရာမှ စိတ်ကြွ ဆေးပြားများနှင့်အတူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားနှစ်ဦး ဖမ်းမိ Reviewed by THITHTOOLWIN on 16:01 Rating: 5
Powered by Blogger.