ဦးဖြိုးမင်းသိန်းကို အရေးယူပေးဖို့ တပ်မတော်တောင်းဆိုမှုအပေါ် ဦးဥာဏ်ဝင်း ပြောစကား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်း ကို တွေ့ရစဉ်။Photo: RFA
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ ညွှန်ကြားရေးမှူးချုပ် အဆင့်ပဲ ရှိတယ်ဆိုတဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောစကားဟာ မမှားဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကာကွယ်ရေးဦးစီးချုပ်ဟာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ကြောင်း ပြောခဲ့တဲ့ဟာ အမှန်အတိုင်း လက်ခံမယ်ဆိုရင် အရေးယူစရာမရှိဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

"ကျတော့်အမြင်တော့ ဒါဝန်ထမ်းအကြီးအကဲပဲဗျ၊ တပ်မတော်ကလည်း ဝန်ထမ်းအကြီးအကဲပဲ၊ ညွှန် ချုပ်တွေကလည်း ဝန်ထမ်းအကြီးအကဲပဲ၊ ဝန်ထမ်းအကြီးအကဲချင်းအတူတူဆိုတဲ့ သဘောမျိုးဆိုတော့ မှားစရာအကြောင်းမရှိဘူးလေ မှားပြောတာမှမဟုတ်ပဲ၊ ဒီဥစ္စာက အမှန်အတိုင်းလက်ခံရင် အရေးယူဖို့ အကြောင်းမရှိဘူးလို့ အဲ့လိုပဲမြင်တယ်၊ ကာကွယ်ရေးဦးစီးချုပ်လည်း ဝန်ထမ်းအကြီးအကဲပဲ၊ ဒီဘက် ကလည်း ဝန်ထမ်းအကြီးအကဲပဲ အဲဒါပြောနေတာ"

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက်နေ့က ရန်ကုန်မြို့မှာ USAID နဲ့ ပူးပေါင်းကျင်းပခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင် ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့အစည်းနဲ့ မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲမှာ အရပ်ဘက် စစ်ဘက် ဆက်ဆံ ရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်း ပြောခဲ့တာတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်တွေနဲ့ သတင်းမီဒီယာတွေမှာ ဖြော်ပခဲ့တာဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို လိုအပ်သလို စိစစ်အရေးယူပေးဖို့ နိုင်ငံတော်အစိုးရထံ တင်ပြထားကြောင်း မနေ့ညက ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ RFA က ဆက်သွယ်မေးမြန်းပေမယ့် အစည်းအဝေး တက်ရောက်နေတဲ့ အတွက် ဆက်သွယ်မေးမြန်းခွင့် မရခဲ့ပါဘူး။

RFA Burmese
http://www.rfa.org/burmese
ဦးဖြိုးမင်းသိန်းကို အရေးယူပေးဖို့ တပ်မတော်တောင်းဆိုမှုအပေါ် ဦးဥာဏ်ဝင်း ပြောစကား ဦးဖြိုးမင်းသိန်းကို အရေးယူပေးဖို့ တပ်မတော်တောင်းဆိုမှုအပေါ် ဦးဥာဏ်ဝင်း ပြောစကား Reviewed by THITHTOOLWIN on 16:34 Rating: 5
Powered by Blogger.