ရခိုင်ပြည်နယ်အစိုးရမှ ဆောင်ရွက်နေသည့် စီမံကိန်းတစ်ချို့ ဥပဒေနှင့် မညီဟု လွှတ်တော်ဥက္ကဋ္ဌ ပြောကြား


နိရဉ္စရာ၊ ဇူလိုင် ၁၈

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ စီမံကိန်းတစ်ချို့သည် ရခိုင်ပြည်နယ် လွှတ်တော်သို့ အသိပေး တင်ပြခြင်းမရှိဘဲ ဆောင်ရွက်နေသဖြင့် ၎င်းစီမံကိန်းများမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီညွတ်ဟု ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှ ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး အပိတ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၅၁ တွင် ဖော်ပြထားသည်မှာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရသည် ပြည်ထောင်စု အစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့် သော်လည်းကောင်း၊ ပြည်ထောင်စု ဥပဒေများနှင့် သော်လည်းကောင်း၊ မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အတွက် အကောင်အထည်ဖေါ်ဆောင်ရွက်သည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်ထည်ဖေါ် ဆောင်ရွက်ရမည်ဟု အတိအကျ ပြဌာန်းထားကြောင်း" ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်။

သို့သော် ယခုအခါ ရခိုင်ပြည်နယ် အစိုးရသည် စီမံကိန်းတစ်ချို့ကို ရခိုင်ပြည်နယ် လွှတ်တော်သို့ တင်ပြခြင်း မရှိဘဲ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မြောက်ဦးမြို့သစ် စီမံကိန်းတစ်ခုကို အကောင်အထည် ဖော်ဆောင်ရွက်ရန် စီစဉ်နေရာ ထိုစီမံကိန်းအား ပြည်နယ်လွှတ်တော်သို့ အသိပေးတင်ပြခြင်းမရှိကြောင်း လွှတ်တော် ဥက္ကဋ္ဌမှ ရည်ညွှန်းပြောဆိုသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ထူးခြားတာက မြောက်ဦးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မြို့သစ်တည်ဖို့ အဆိုတင်တယ်။ ကိုယ်စားလှယ် ၃ ယောက်ကလည်း ထောက်ခံပြီး ဆွေးနွေး ခဲ့တယ်။ အစိုးရကလည်း မြို့သစ်တည်ဖို့အတွက် ဆောင်ရွက်နေပါပြီ၊ အစီအမံတွေ ချထားပါပြီ ဆိုပြီးတော့ တင်ကြတယ်။ ဒီလောက် ကြီးကျယ်တဲ့ စီမံကိန်းတစ်ခုကို လုပ်ဆောင်နေတယ်ဆိုတာကို ဒေသခံ လွှတ်တော်ကိုယ်စားလှယ် မသိဘူး။ ရှင်းရှင်းပြောရရင် ကျနော်လွှတ်တော် ဥက္ကဋ္ဌ ကိုယ်တိုင်လည်း မသိဘူး။ အစိုးရအဖွဲ့ မြို့သစ်တည်ဖို့ လုပ်နေတယ်ဆိုတာကို ကျနော်တို့ လွှတ်တော်က ဘာတစ်ခုမှ မသိရဘူး”ဟု ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားသည်။

အစိုးရအနေဖြင့် စီမံကိန်းနှင့် လုပ်မည့်ကိစ္စရပ်များ ဆောင်ရွက်ရာတွင် လွှတ်တော်ကို အသိပေး တင်ပြရမည် ဖြစ်ကြောင်း၊ လွှတ်တော်၏ ဆုံးဖြတ်ချကို ယူရမည် ဖြစ်ကြောင်း၊ လွှတ်တော်၏ သဘောတူညီချက်မရဘဲ မည်သည့် စီမံကိန်းကိုမှ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကျော်ကာ လုပ်ပိုင်ခွင့် မရှိကြောင်း လွှတ်တော် ဥက္ကဋ္ဌ ပြောဆိုသည်။

ယင်းကြောင့် ပြည်နယ်အစိုးရအနေဖြင့် ပြည်သူ့အကျိုးစီးပွားအတွက် စီမံကိန်း လုပ်ဆောင်ရန် လိုအပ်လာပါက လွှတ်တော်သို့ တင်သွင်းရမည်ဖြစ်ပြီး၊ စီမံကိန်းကို လွှတ်တော်က စနစ်တကျ လေ့လာသုံးသပ်ပြီးမှ အကောင်ထည်ဖေါ်သင့် မဖေါ်သင့်ကို ဆုံးဖြတ်ပေးသွားရမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သဘောထားကို သိရှိ နိုင်ရန် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံကို နိရဉ္စရာ သတင်းဌာနမှ ယနေ့ ညနေ ၃ နာရီကျော်က ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံ ဖြေဆိုခဲ့ခြင်း မရှိ၍ ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားကို ဖေါ်ပြနိုင်ခြင်း မရှိပါ။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ရခိုင်ပြည်နယ်အစိုးရမှ ဆောင်ရွက်နေသည့် စီမံကိန်းတစ်ချို့ ဥပဒေနှင့် မညီဟု လွှတ်တော်ဥက္ကဋ္ဌ ပြောကြား ရခိုင်ပြည်နယ်အစိုးရမှ ဆောင်ရွက်နေသည့် စီမံကိန်းတစ်ချို့ ဥပဒေနှင့် မညီဟု လွှတ်တော်ဥက္ကဋ္ဌ ပြောကြား Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.