ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ဇူလိုင်(၁၄)ရက်က ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုကြောင့် ဘယ်ဘက်ခြေသလုံးရိုး ကျိုးသွားတဲ့အတွက် စတီးရိုးထည့် ကုသထားရတယ်လို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာအေးကိုကိုက ပြောပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ဇူလိုင်(၁၄) ရက်က ဘားအံမြို့နယ်မှာရှိတဲ့ တောင်ကလေးဆရာတော် အရှင် ပညာသာမိရဲ့ (၅၇)နှစ်ပြည့် မွေးနေ့ပွဲကို သွားတဲ့လမ်းမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မတော်တဆမှုဖြစ်စဉ်အတွင်း ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံမှာ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ၀န်ကြီးချုပ်ရဲ့ နှလုံးရောဂါအခြေအနေကြောင့် ခွဲစိတ်မှု မပြုလုပ်ခဲ့ဘဲ ဇူလိုင်(၁၄)ရက် ညနေ(၅)နာရီခွဲမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ကုသဖို့ လွှဲပြောင်းရောက်ရှိလာတာဖြစ်တယ်လို့ ဆေးရုံအုပ်ကြီးရဲ့ ပြောပြချက်အရ သိရပါတယ်။ ယာဉ်မတော်တဆမှုကြောင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ဘယ်ဘက်ခြေသလုံးရိုး (၂)ခုလုံးကျိုးသွားခဲ့တဲ့အတွက် လိုအပ်တဲ့ခွဲစိတ်ကုသမှုတွေပြုလုပ်ခဲ့ရပြီး ခွဲစိတ်မှုလည်း အောင်မြင်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဆေးရုံအုပ် ဒေါက်တာအေးကိုကိုက ပြောပါတယ်။
ဘားအံပြည်သူဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပေးလိုက်တာက ၀န်ကြီးချုပ်ရဲ့ နှလုံးရောဂါကြောင့် မေ့ဆေးဒဏ်မခံနိုင်မှာ စိုးရိမ်ရတဲ့အတွက် လွှဲပြောင်းပေးလိုက်တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသရေးကော်မတီအဖွဲ့နဲ့ ကုသမှုတွေ ပြုလုပ်နေတယ်လို့ ဒေါက်တာအေးကိုကိုက ပြောပါတယ်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တစ်ပတ်ခန့် ဆေးကုသမှုခံယူရဦးမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာပြီဖြစ်တယ် လို့ သိရပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးကုသဆောင်ရဲ့ အပေါ်ထပ် အထူးကြပ်မတ်ဆောင်၊ အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကကြီး ဦးတင်းဦးရဲ့ ဘေးချင်းကပ်အခန်းမှာ ထားရှိကုသနေတာဖြစ်ပြီး ဇူလိုင် (၁၅)ရက်က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ကုသရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေက လာရောက် ကြည့်ရှု အားပေးစကားပြောကြားခဲ့ကြတယ်လို့သိရပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဘယ်ဘက်ခြေသလုံးရိုးအား စတီးရိုးထည့် ကုသထား
Reviewed by THITHTOOLWIN
on
15:36
Rating:
