ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးအရေးယူထား


နေပြည်တော်၊ ဇူလိုင် ၂၀

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်နေ ဒေါ်စိန်စိန်ကျော်သည် ဒေါ်ယုယု မောင်းနှင်လာသည့် ဆိုင်ကယ်နောက်မှ ထိုင်၍လိုက်ပါလာစဉ် မန္တလေး-မတ္တရာကားလမ်း၊ မြေငလျင်စခန်းနားအရောက် လားရာတူမှ ဆိုင်ကယ်ဖြင့် လူ(၃)ဦးလိုက်ပါလာပြီး ဒေါ်စိန်စိန်ကျော်၏ လက်တွင်ကိုင်ထားသည့် စတီးချိုင့် တစ်လုံး၊ လက်ကိုင်ဖုန်းတစ်လုံး၊ ငွေကျပ်(၉၀,၀၀၀)ပါ အိတ်အား လုယူထွက်ပြေးသွား ကြောင်း ရဲစခန်းသို့ လာရောက်တိုင်တန်း ခဲ့ပါသည်။

အဆိုပါ တိုင်တန်းချက်အရ တပ်ဖွဲ့ဝင်များက လုယူခံရသည့်ဖုန်းအား ဆက်သွယ်ခဲ့ရာ အောင်မြေသာစံမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် ငှားရမ်းနေထိုင်သူတစ်ဦးမှ အားသွင်းထားကြောင်း အိမ်ရှင်မှပြောသဖြင့် သွားရောက်စောင့်ဆိုင်းနေစဉ် အောင်မြေသာစံမြို့နယ်၊ လေးကျွန်းရန်ပြေရပ်ကွက်နေ ပိုင်ဇေရဲထွန်း(ခ)ပိုင်ဇေ(၂၀)နှစ်မှာ နေအိမ်သို့ပြန်လာစဉ် ဖမ်းဆီး စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ၎င်းနှင့်အတူ တစ်ရပ်ကွက်တည်းနေ ကျော်ထက်(ခ)ကိုချစ် (၂၀)နှစ်၊ အောင်မြေသာစံမြို့နယ်နေ ဇင်မင်းကို(၂၀)နှစ်တို့နှင့်အတူ လုယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သောကြောင့် ကျော်ထက်(ခ)ကိုချစ်နှင့် ဇင်မင်းကို တို့(၂)ဦးအား လိုက်လံ ဖမ်းဆီးပြီး အမှတ်(၂)နယ်မြေရဲစခန်း(ပ)၁၀၆/၂၀၁၇၊ ရာဇသတ် ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးအရေးယူထား ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးအရေးယူထား Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.