ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြားချက်အပေါ် တပ်မတော်၏ သဘောထားထုတ်ပြန်ချက်


နေပြည်တော် ၊ ဇူလိုင် ၁၂

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် USAID နှင့်ပူးပေါင်းပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောကြားခဲ့သည့် “ အရပ်သားအုပ်ချုပ်ရေးစနစ် တက်လာပေမယ့် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိပါဘူး။ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ကျွန်တော်တို့ Protocol အရဆိုရင် ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ပါတယ် ” ဆိုသည့်ပြောကြားချက်နှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရထံ လိုအပ်သလို စိစစ်အရေးယူပေးနိုင်ရန်တင်ပြခဲ့ကြောင်း ဇူလိုင် ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးဟူသည် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ၊ ကမ္ဘာ့နိုင်ငံတိုင်း၌ ရှိနေရမည်ဖြစ်သော ဆက်ဆံ၊ ဆက်သွယ်ရေးဖြစ်သည်။ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးသည် အစိုးရနှင့် တပ်မတော်အကြား ဆက်ဆံရေးသာမဟုတ်၊ လူ့အဖွဲ့အစည်းနှင့် ၎င်းလူ့အဖွဲ့အစည်းကို ကာကွယ်ရန် တာဝန်ရှိသော လက်နက်ကိုင်အဖွဲ့အစည်း တပ်မတော်အကြားဆက်ဆံရေးဟု ကျယ်ပြန့်စွာရှုမြင်ရမည် ဖြစ်သည်။ ပြည်သူတို့လိုလားတောင့်တနေသော နိုင်ငံရေးအင်အားစုများ ပြိုင်ဆိုင်ပါဝင်သည့် ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ်ကျင့်သုံးလျက်ရှိပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများမချုပ်ငြိမ်းသေး၍ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းတည်ဆောက်လျက်ရှိသော မိမိတို့နိုင်ငံအတွက် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးသည် ပို၍ အရေးကြီးသော ဆက်ဆံရေးဖြစ်သည်။ သို့သော် ဦးဖြိုးမင်းသိန်းအနေဖြင့် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံ ရေးဆိုတာ ဒီမိုကရေစီခေတ်မှာမရှိဟု မိမိ၏ လေ့လာမှုအားနည်းချက်ကို ဖော်ပြလျက် ထိပ်တိုက်တွေ့ဆုံရေး ပုံစံမျိုးဖြင့် ပြောကြားခဲ့ကြောင်းတွေ့ရှိရသည်။

တပ်မတော်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ ဦးဆောင်အခန်းကဏ္ဍမှပါဝင်ခဲ့ပြီး နိုင်ငံတော်၏လွတ်လပ်ရေးကို ပြည်သူတို့နှင့်အတူ လက်တွဲရယူပေးခဲ့ကာ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်၌ နိုင်ငံတော်၏အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲအောင် အသက်သွေးချွေး ခန္ဓာပေးဆပ်မှုများစွာဖြင့် စောင့်ရှောက်ကာကွယ်ပေးခဲ့သော အဖွဲ့အစည်းဖြစ်သည်။ ယနေ့အချိန်ကာလ တွင်လည်း ပြည်သူတို့ရွေးချယ် တင်မြှောက်ထားသောအစိုးရ၏ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့်နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်တို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အားသွန်ခွန်စိုက် ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်၏ဖွဲ့စည်းတည်ဆောက်ပုံနှင့် ကွပ်ကဲမှုစနစ် (Chain of Command) အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်၏အကြီးအကဲဖြစ်သည့်အပြင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက် ၂၀(က)အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏ အကြီးအကဲဖြစ်သည်။ ၂၀၁၆ ခုနှစ်၊ ဇွန် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်(၃၂/၂၀၁၆)အရ ပြည်ထောင်စုအင်္ဂါစဉ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် အဆင့်သတ်မှတ်ချက် အဋ္ဌမနေရာတွင်ရှိပြီး ပြည်ထောင်စုအဆင့်တာဝန်များကို ထမ်းဆောင်ရသူဖြစ်ပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပြည်ပနိုင်ငံသို့ချစ်ကြည်ရေးခရီး သွားရောက်နေချိန်တွင် ယခုကဲ့သို့ တပ်မတော်၏အကြီးအကဲ၊ လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏အကြီးအကဲအား တိုက်ရိုက်ပုတ်ခတ် ပြောဆိုခြင်းသည် တပ်မတော်အကြီးအကဲနှင့် တပ်မတော်ပုံရိပ်ကို ကျဆင်းစေရန်တပ်မတော်အား တိုက်ရိုက် ထိပါးစော်ကားခြင်းဟု တပ်မတော်ကယူဆသည်။

ဦးဖြိုးမင်းသိန်းအနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ၀န်ကြီးချုပ်၏တာဝန်နှင့်လုပ်ငန်းများကို ဆောင်ရွက်နေခြင်းသာဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်လည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားသော တာဝန်များနှင့်အညီ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ နိုင်ငံတော်အစိုးရ၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကဏ္ဍအလိုက် တိုင်းပြည်အကျိုး ရှေးရှုဆောင်ရွက်လျက်ရှိသော တပ်မတော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေဖြင့် ယခုကဲ့သို့ လက်လွတ်စပယ်နှင့် ထိပ်တိုက်ရင်ဆိုင်မှုပုံစံဖြင့် ပြောကြားချက်သည် နိုင်ငံတော်အစိုးရ၏ အမျိုးသားရင်ကြားစေ့ရေးဦးတည်ချက်ကို ထိခိုက်စေသည့်အပြင် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အကြား၊ တိုင်းရင်းသားပြည်သူလူထုနှင့် တပ်မတော်အကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေရန် စဉ်ဆက်မပြတ် တည်ဆောက်သွားရမည်ဖြစ်သော ရေရှည်ဆက်ဆံရေး လုပ်ငန်းစဉ်များအတွက်လည်း အခက်အခဲဖြစ်လာစေနိုင်သူဖြစ်ကြောင်း သုံးသပ်ရပါသည်။

ထို့ကြောင့် တပ်မတော်အနေဖြင့်အပြုသဘောဖြင့် ရေရှည်ဆက်ဆံရန် မသင့်လျော်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖြစ်သူ ဦးဖြိုးမင်းသိန်းအား လိုအပ်သလိုစိစစ်အရေးယူပေးနိုင်ရန် နိုင်ငံတော်အစိုးရထံ တင်ပြခဲ့ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြားချက်အပေါ် တပ်မတော်၏ သဘောထားထုတ်ပြန်ချက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြားချက်အပေါ် တပ်မတော်၏ သဘောထားထုတ်ပြန်ချက် Reviewed by THITHTOOLWIN on 23:02 Rating: 5
Powered by Blogger.