စက်လှေမှောက်၍ ပျောက်ဆုံးနေသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးအနက် နယ်မြေမှူးအလောင်းအားတွေ့ရှိ


စစ်တွေ၊ ဇူလိုင် ၂၆

ပြီးခဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် စက်လှေတိမ်းမှောက်၍ ပျောက်ဆုံးနေသည့် တောင်ဘဇားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် (၄)ဦးအနက် နယ်မြေမှူးဖြစ်သူ၏ အလောင်းအား ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ရှာဖွေ့တွေ့ရှိခဲ့ပြီဖြစ်ကြောင်း တောင်ဘဇားနယ်မြေရဲစခန်းမှ သိရသည်။

"ပျောက်ဆုံးနေသူတွေထဲက ရဲမှူး ရဲဇော်ထွဋ်ရဲ့အလောင်းကို ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဘူးသီးတောင်မြို့နယ် အောင်သာယာကျေးရွာ စာသင်ကျောင်းနားက ကုလားပန်ဇင်းချောင်းမှာ မှောက်လျက်အနေအထား ရေမျောနေတာကိုတွေ့ခဲ့တာဖြစ်ပါတယ်"ဟု တောင်ဘဇားနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

ယခုရှာဖွေတွေ့ရှိခဲ့သည့် ရဲမှူး ရဲဇော်ထွဋ်အလောင်းအားစစ်ဆေးခဲ့ရာ ကိုယ်ခန္ဓာတွင် ဒဏ်ရာများမတွေ့ရဘဲ ညာဘက်လက်သန်းမှ ရွှေလက်စွပ် (၁)ကွင်း၊ ခါး၌ပတ်ထားသော အိတ်များအတွင်း VIVO ဖုန်း (၁)လုံး၊ ငွေစက္ကူတစ်သောင်းကျပ်တန် (၃၂)ရွက်၊ ပစ္စတိုသေနတ်ထည့်အိတ် (၁)ခု၊ ပစ္စတိုကျည်ထည့်အိတ် (၁)ခုနှင့် အဆိုပါကျည်ထည့်အိတ်၌ ကျည် (၁ဝ)တို့ကိုတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

ရဲမှူး ရဲဇော်ထွဋ်နှင့်အတူ ပျောက်ဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင် (၃)ဦးအား ဆက်လက် ရှာဖွေလျက်ရှိကြောင်းလည်း သိရသည်။

ဘူးသီးတောင်မြို့နယ် တောင်ဘဇားနယ်မြေရဲစခန်းမှ နယ်မြေမှူး ရဲမှူး ရဲဇော်ထွဋ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးသည် ဇူလိုင်လ ၂၃ ရက်နေ့ ည ၁ဝ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ် ကျောင်းတောကျေးရွာမှ နယ်မြေ ရှင်းလင်းရေးလုပ်ပြီး စက်လှေဖြင့်ပြန်အလာတွင် တောင်ဘဇားစခန်းမှ ၈ မိုင်ခန့်အကွာ ကုလားပန်ဇင်းချောင်းအတွင်း စက်လှေ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ဖြစ်ပွားအပြီး တပ်ဖွဲ့ဝင် ၃ ဦးသာ စခန်းသို့ပြန်လည်ရောက်ရှိလာခဲ့ပြီး ယခု အလောင်းတွေ့ရှိသည့် ရဲမှူး ရဲဇော်ထွဋ်၊ တပ်ကြပ် ခင်မောင်သန်း၊ တပ်ကြပ် ကိုကိုအောင်နှင့် ဒုတပ်ကြပ် ထွန်းလင်းထိုက်တို့မှာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
စက်လှေမှောက်၍ ပျောက်ဆုံးနေသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးအနက် နယ်မြေမှူးအလောင်းအားတွေ့ရှိ စက်လှေမှောက်၍ ပျောက်ဆုံးနေသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးအနက် နယ်မြေမှူးအလောင်းအားတွေ့ရှိ Reviewed by THITHTOOLWIN on 08:10 Rating: 5
Powered by Blogger.