ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းမှ မီးလောင်မှုဖြစ်သည့် နေအိမ်၏ ပိုင်ရှင်အား လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီး


ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နှင့်(၁၄)မိုင်ခန့်ဝေးသည့် လုံတောက်ကျေးရွာတွင် ဇူလိုင်လ(၂၀)ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ်၏ ပိုင်ရှင်အား လက်နက်ကိုင်အဖွဲ့တစ်ခုက ဇူလိုင်လ (၂၁)ရက်နေ့တွင် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်းရသဖြင့် စုံစမ်းမှု လုပ်ဆောင်နေကြောင်း နမ့်ဆန်မြို့မ ရဲတပ်ဖွဲ့ထံက သိရသည်။

“မီးလောင်တဲ့ နေအိမ်က အိမ်သူအိမ်သားတွေကို လက်နက်ကိုင် အဖွဲ့တစ်ခုက ဒီမနက်မှာ ဖမ်းဆီး သွားတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အတည်ပြုဖို့တော့ ကြိုးစားနေပါတယ်။ သတင်းကတော့ အဲဒီလိုပဲ ကြားထားပါတယ်။ မီးလောင်တဲ့ နေအိမ်မှာ မိသားစုနှစ်စု နေထိုင်တယ်။ လက်နက်ကိုင်နယ်မြေဖြစ်တဲ့ အတွက် ကျွန်တော်တို့လည်း လုပ်ကိုင်ရ ခက်ခဲပါတယ်” ဟု နမ့်ဆန် မြို့နယ်ရဲတပ်ဖွဲ့မှူးဇော်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကျေးရွာရှိ နေအိမ်တစ်လုံးမှာ ဇူလိုင်လ(၂၀)ရက် ည(၉)နာရီခန့်က နေအိမ်ဘုရားစင်တွင် ဖယောင်းတိုင် မီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားရာ နမ့်ဆန်မြို့ မီးသတ်စခန်းမှ မီးသတ်ကားများ သွားရောက်ခဲ့သော်လည်း အဆိုပါကျေးရွာသို့သွားရာလမ်းမှာ မြေသားလမ်း ဖြစ်နေခြင်း၊ မိုးရွာထားခြင်းတို့ကြောင့် ဒေသတွင်းမှကူညီငြိမ်းသတ်မှုဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“မီးလောင်တာက လက်နက်ကိုင်နယ်မြေမှာဖြစ်တဲ့အတွက် အိမ်ရှင်တွေကို မီးပေါ့ဆမှုနဲ့ အမှုဖွင့်တာမျိုး မလုပ်ထားပါဘူး။ အဲဒီဒေသကိုသွားပြီး စစ်ဆေးဖို့ ခက်ခဲတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတန်ဖိုးလည်း မသိရပါဘူး”ဟု နမ့်ဆန်မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းရှိ အဆိုပါ ကျေးရွာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခု၏ လှုပ်ရှားနယ်မြေဝန်းကျင်ဖြစ်သည့် အတွက် ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါ နေအိမ်ပိုင်ရှင်အား မီးလောင်မှုနှင့်ပတ်သက်၍ အမှုဖွင့်ထားနိုင်ခြင်းမရှိကြောင်း သိရသည်။

သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - နမ့်ဆန် စည်ပင်
Tachileik News Agency
https://www.facebook.com/TachileikNewsAgency/
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းမှ မီးလောင်မှုဖြစ်သည့် နေအိမ်၏ ပိုင်ရှင်အား လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းမှ မီးလောင်မှုဖြစ်သည့် နေအိမ်၏ ပိုင်ရှင်အား လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီး Reviewed by THITHTOOLWIN on 16:20 Rating: 5
Powered by Blogger.