မိုးနဲမြို့ ဆရာတော်တပါးအား လုပ်ကြံသတ်ဖြတ်ပြီး ဆိုင်ကယ်လုယူမှုဖြစ်ပွါး

Photo: ဆရာတော်၏ ရုပ်ကလပ်အား ရင်ခွဲစစ်ဆေးမှုပြုနေစဉ် (Photo by: Mong Nai SNLD)
ဂျူလိုင်လ ၁၃ ရက် ၂၀၁၇

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ အုတ်ဖိုကျောင်းတိုက် ကျောင်းထိုင် ဆရာတော် အား လုပ်ကြံသတ်ဖြတ်ကာ ဆိုင်ကယ်တစီး ယူဆောင်သွားသည့်အမှုတခု ယမန်နေ့က ဖြစ်သွားသည်ဟု သိရသည်။

ဂျူလိုင် ၁၂ ရက် နေ့ ညနေပိုင်း တွင် တခြားရွာသို့ အလုပ်ကိစ္စတခု သွားနေသည့် တပည့်ကိုယ်ရင် လေးအား လမ်းခရီး ၌ ဆိုင်ကယ်ဖြင့် သွားရောက် စောင့်ကြိုစဉ် မိုးနဲမြို့ အုတ်ဖိုကျောင်းတိုက် ကျောင်း ထိုင် ဆရာတော် အရှင်ကေလာသ လုပ်ကြံသတ်ဖြတ်ခြင်းခံရပြီး ဆရာတော် စီးနင်းလာသည့် ဆိုင်ကယ် New Kenbo အမျိုးအစား ကိုပါ လုယူသွားခဲ့သည်။ ကိုယ်ရင်လေးများ ပြန်ရောက်လာစဉ် လမ်းဘေး၌ ဆရာ တော် ပျံလွန်နေပြီးဖြစ်ကြောင်း၊ လူသတ်မှုလက်သည်ကို တော့မသိရသေးကြောင်း၊ လွယ်မြေ ရပ်ကွက်အတွင်းရှိ ဒါယိကာများက ဆရာတော်၏ ကြွင်းကျန် ရုပ်ကလပ်အား ကျောင်းတော်သို့ ပင့်ဆောင်ထားကြောင်း သိရှိရသည်။

“မိုးနဲ့မြို့ အနောက်ဘက် ဝမ့်ဖူးလျံ ရွာကို ကိုယ်ရင်လေးတွေက ဆိုင်ကယ် ဝယ်စီးဖို့ သွားတယ်။ အဲဒါ ကိုယ်ရင်လေးတွေ မိုးချုပ်ခါနီး ပြန်မလာလို့ ဆရာတော်က စိုးရိမ်လို့ လမ်းမှာသွားစောင့်တာ။ ရဲတွေ စစ်ဆေး ချက်အရက သေနတ်နဲ့ ပစ်တာလဲ မဟုတ်၊ ဓါးနဲ့ ခုတ်တာလဲမဟုတ်၊ သံချွန်နဲ့ ဘယ်ရင်ကိုထိုးတာ။ နှလုံး အသည်းအထိ ဆူးဝင်သွားတာတဲ့၊ ဆေးစစ်ချက်အရ တော့ ခန္ဓာကိုယ်မှာ ဒဏ်ရာတော့တွေ့တယ်။ အရာဝတ္တုတွေ ကျည်ဆန်တွေဘာတွေတော့မရှိဘူး” - ဟု မိုးနဲမြို့နယ် နမ့်ခုံးပရဟိတ အသင်း ဥက္ကဌ ဆရာစိုင်းထွန်းလှ က ပြောသည်။

မိုးနဲမြို့သည် မူးယစ်ဆေးဝါး သုံးစွဲသူအများအပြားရှိသည်ဖြစ်ရာ၊ မူးယစ်သုံးစွဲသူများ၏ လက်ချက် ဟု ယက်တိပြတ် မပြောနိုင်ကြောင်း ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားသည့်အားလျော်စွာ အမှုမှန် ပေါ်ပေါက်ရေး အတွက် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်းရဲတပ်ဖွဲ့ ကပြောသည်ဟုဆိုသည်။

မိုးနဲဒေသခံတချို့ပြောပြချက်အရ ရွာသားများဝိုင်းဝန်းဖမ်းဆီးမှုကြောင့် လူသတ်မှုလက်သည်ကိုဖမ်းမိပြီဟု ဆိုသော်လည်း သျှမ်းသံတော်ဆင့်မှ အတည်ပြုချက်မရသေးပေ။

ပျံလွန်သွားသည့် ဆရာတော် ကေလာသ၏ မိခင်က - ဝဋ်ကြွေးတွေရှိလို့၊ သံသရာက လည်လာလို့ ဒီတိုင်းဘဲ မှတ်ယူတယ်။ ဆရာတော်က ငယ်ငယ်ကတည်းက ဒီကျောင်းတိုက်မှာဘဲနေတာ။ ဒီရပ်ကွက် မှာဘဲမွေးတာ။ ကိုယ်ရင်ဝတ်ကတည်းက လူမထွက်စေရဘူးလို့ အမေ့ကို ခဏခဏပြောတယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ဆရာတော် ကေလာသ သည် သက်တော် ၃၀ ဝါတော် ၁၀ ဝါရှိသည်။ ဘုရားတရား အလွန်ကိုင်းရှိုင်းပြီး တပည့်တပန်းများအား ပညာသင်ကြားကြရန် အစဉ်မှာကြားသည့်အပြင် မြေပြန့်သို့ ပညာဆည်းပူးရန် လည်း အများအပြားစေလွတ်သည်ဟုသိရသည်။

Panglong(Burmese)
https://www.facebook.com/Panglong.burmese/
မိုးနဲမြို့ ဆရာတော်တပါးအား လုပ်ကြံသတ်ဖြတ်ပြီး ဆိုင်ကယ်လုယူမှုဖြစ်ပွါး မိုးနဲမြို့ ဆရာတော်တပါးအား လုပ်ကြံသတ်ဖြတ်ပြီး ဆိုင်ကယ်လုယူမှုဖြစ်ပွါး Reviewed by THITHTOOLWIN on 07:59 Rating: 5
Powered by Blogger.