ဧရာဝတီတိုင်းဒေသကြီးတွင် (၆)လအတွင်း တောဆင်ရိုင်း(၈)ကောင် သတ်ဖြတ်ခံရ


ဇူလိုင်လ ၁၈ ရက်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သစ်တောကြိုးဝိုင်းများအတွင်း၌ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း တောဆင်ရိုင်း(၈)ကောင် အသတ်ခံခဲ့ရကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းများအရ သိရှိရသည်။

ရခိုင်ရိုးမနှင့် ဆက်စပ်နေသည့် ပုသိမ်ခရိုင်အတွင်းရှိ သစ်တောများအတွင်း ဆင်သတ်မုဆိုးများနှင့် ဒေသခံများ က တောဆင်ရိုင်းများကို စီးပွားရေးအကျိုးအမြတ်အတွက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ဆင်များသေဆုံးရခြင်းဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

၆ လအတွင်းဆင်သတ်ခံရမှုများအတွက် ၄ မှုအတွက်ကျူးလွန်သည်ဟု ယူဆရသူများကို တရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ခဲ့ပြီး ၃ မှုမှာကျူးလွန်သူကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ၁ မှုမှာ ကျူးလွန်သူ အားစုံစမ်းမရတော့သဖြင့် အမှုပိတ်လိုက်ရကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှုးကြီး ခင်မောင်လတ်ထံမှသိရသည်။

ဆင်များသေဆုံးရခြင်းမှာအလွန်အကျွံသစ်ခုတ်သဖြင့် သစ်တောပြုန်းတီးခြင်း၊ လူတို့ကျူးကျော်နေထိုင် စိုက်ပျိုးခြင်းများကြောင့် ဆင်စားကျက်များ ပျောက်ဆုံးကုန်သည့်အတွက် အစားအစာနှင့်နေစရာ ရှားပါးလာသည့် တောဆင်ရိုင်းများမှာ လူနေကျေးရွာများ အနီးလာရောက်ရာမှ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဆင်များကိုသတ်၍ ခေါင်းဖြတ်အစွယ်ထုတ်ယူသူများကို သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့်၅ နှစ်အတွင်း တရားခံ ၃၀ ဦးကိုဖမ်းဆီးတရားစွဲဆိုကာ အနည်းဆုံးထောင်ဒဏ် ၂ နှစ်မှ အများဆုံး ၅ နှစ်အထိ ပြစ်ဒဏ်များချမှတ်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ဆင်သတ်ဆင်စွယ်ဖြတ်မှုများကြောင့် ရိုးမတလျှောက်တွင် တောဆင်ရိုင်းများတွင် စွယ်စုံဆင်များ ရှားပါးလာကာ ဆင်ရိုင်းအကောင်ရေ ၁၂၀၀ မှ ၁၆၀၀ ကြား အရေအတွက်ခန့်သာ ကျန်ရှိတော့ ကြောင်း သစ်တောဦးစီးဌာန စာရင်းများအရ သိရသည်။

မြမင်းဦး/ဧရာဝတီတိုင်းမ်
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes
ဧရာဝတီတိုင်းဒေသကြီးတွင် (၆)လအတွင်း တောဆင်ရိုင်း(၈)ကောင် သတ်ဖြတ်ခံရ ဧရာဝတီတိုင်းဒေသကြီးတွင် (၆)လအတွင်း တောဆင်ရိုင်း(၈)ကောင် သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.