သတင်းသမား ၃ ဦးကို ရုံးထုတ်

သတင်းသမားတွေကို ဇူလိုင်လ ၂၈ ရက်နေ့က အချုပ်ကားပေါ်မှာ တွေ့ရစဉ်။ Photo: Kan Thar/RFA
မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခံထားရတဲ့ သတင်းသမားသုံးဦး အပါအ၀င် စုစုပေါင်း ၆ဦးကို ဒီကနေ့ သီပေါမြို့ နယ် တရားရုံးမှာ တတိယအကြိမ်အဖြစ် ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်တဲ့ တပ်မတော်ဘက်ကို စတင်စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ နမ့်ဆန်မြို့ အခြေစိုက် အမှတ် ၂၅၄ ခြေမြန်တပ်ရင်းက ဗိုလ်ကြီးသက်နိုင်ဦး ကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒီကနေ့တရားရုံးမှာ သတင်းထောက်တွေရဲ့ ကင်မရာတွေထဲမှာ ရိုက်ကူးထားတဲ့ TNLA အဖွဲ့ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနား ရုပ်သံဖိုင်တွေကို တရားလိုဘက်က သက်သေအဖြစ် တင်သွင်းခဲ့တယ်လို့ ဖမ်းဆီးခံထားရတဲ့ dvb သတင်းထောက်တွေအတွက် ရှေ့ နေအဖြစ် ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့ နေ ဦးမောင်မောင်ဝင်း ကပြောပါတယ်။

DVB နဲ့ ဧရာဝတီ သတင်းဌာနတွေက သတင်းထောက် ၃ ဦး အပါအဝင် ဖမ်းဆီးခံထားရသူတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်းဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ သတင်းယူပြီးအပြန်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေကို အခုလ ၁၁ ရက်နေ့မှာ ရုံးထုတ်ဖို့ စီစဉ်ခဲ့ပေမယ့် စီစဉ်ထားတဲ့ ရက်ထက် ၅ ရက်ကြိုတင်ပြီး ဇူလိုင်လ ၇ ရက်နေ့မှာ ရုံးထုတ်ခဲ့သလို နောက်ထပ်ရုံးထုတ်ကိုလည်း ၂၁ ရက်နေ့မှာ ရုံးထုတ်ဖို့ စီစဉ်ခဲ့ပေမယ့် သုံးရက်ကြိုတင်ပြီး ဇူလိုင် ၁၈ ရက်နေ့မှာရုံးထုတ်ခဲ့ပါတယ်။

လက်ရှိ သတင်းသမားတွေကို ဆွဲဆိုထားတဲ့အမှုဟာ အာမခံပေးလိုံရတဲ့ အမှုမျိုးဖြစ်ပြီး ရှေ့ နေတွေရဲ့ အာမခံလျှောက်ထားမှုနဲ့ ပတ်သက်ပြီး အာမခံရမရဆိုတာကိုတော့ နောက်လ ၄ ရက်နေ့ရုံးချိန်းမှာ တရားသူကြီးက အမိန့်ချမှတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
သတင်းသမား ၃ ဦးကို ရုံးထုတ် သတင်းသမား ၃ ဦးကို ရုံးထုတ် Reviewed by THITHTOOLWIN on 19:02 Rating: 5
Powered by Blogger.