ဘင်္ဂလီ(၇)ဦးကို တားမြစ်နယ်မြေထဲသို့ ခေါ်ဆောင်လာသည့် ရဲဝန်ထမ်းအား အရေးယူမည်

(စစ်တွေပြည်သူ့ဆေးရုံမှာ ရဲများလုံခြုံရေးယူထားစဉ်။ ဓါတ်ပုံ - ဖဒူ ထွန်းအောင်/DMG)
ဇူလိုင် ၈ ရက်၊ ၂၀၁၇ ခုနှစ် (DMG) ။    ။  ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဒါးပိုင်ဒုက္ခသည်စခန်းမှ ဘင်္ဂလီ(၇)ဦးကို တားမြစ်နယ်မြေထဲသို့ ခေါ်ဆောင်လာ သော ရဲဝန်ထမ်းကို ရဲစည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝင်းနောင်ကပြောဆိုလိုက်သည်။

ဇူလိုင်လ ၄ ရက်နေ့က ဒါးပိုင် ဒုက္ခသည်စခန်းမှ ဘင်္ဂလီ(၇) ဦးကို စစ်တွေ အမှတ်(၂) ရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးကခွင့်ပြုချက်မရှိဘဲတားမြစ်နယ်မြေဖြစ်သောစစ်တွေမြို့၊ရွာကြီးမြောက်ရပ်ကွက်၊မီးခြစ်စက်လမ်း ရောင်နီဦးဆိပ်ကမ်းကို ခေါ်ဆောင်ခဲ့သဖြင့် ရဲဝန်ထမ်းများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီကိစ္စမှာ နှစ်ဘက်ကျနော်တို့ တာဝန်ရှိတဲ့သူတွေကို မတိုင်ကြားဘဲ သူတို့သဘောနဲ့ သူတို့ လုံခြုံရေးကို ထည့်ပေးလိုက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရဲစည်းကမ်းထိန်းသိမ်းရေးအရ စိစစ်ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမှာပါ ”ဟု စစ်တွေ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝင်းနောင်က DMG ပြောသည်။

ဇူလိုင်လ ၄ ရက်နေ့က ဒါးပိုင်ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂလီ(၁၀)ဦးသည် စစ်တွေတရားရုံးသို့ သက်သေခံရန်အတွက် မှန်စီလုံခြုံရေးရဲကင်းမှ တပ်ဖွဲ့ဝင်များနှင့်အတူ လာရောက်စဉ် ယင်းယာဉ်နောက်မှ ဘင်္ဂလီ(၇)ဦးခန့် သက်သေခံရန်နှင့်သက်ဆိုင်ခြင်းမရှိဘဲ ၎င်းတို့၏ အစီအစဉ်ဖြင့် တရားရုံးသို့လိုက်ပါခဲ့သည်။ယင်းနောက်တွင် ၎င်းတို့(၇)ဦးသည် စစ်တွေအမှတ် (၂)ရဲစခန်းမှ လုံခြုံရေးရယူရန် အကူအညီတောင်းခံသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးလိုက်ပါခဲ့ပြီး ရွာကြီးမြောက်ရပ်ကွက်၊ ရောင်နီဦးဆိပ်ကမ်းတွင်  ဒေသခံတစ်ချို့ခဲများဖြင့် ပစ်ပေါက်မှုကြောင့် ဘင်္ဂလီတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်အတွင်း ပဋိပက္ခဖြစ်ပွားပြီးနောက် ဘင်္ဂလီများအား စစ်တွေမြို့ပြင်တွင် ဒုက္ခသည်စခန်းများဖွင့်လှစ်ပြီးနေထိုင်ခွင့်ပေးထားခြင်းဖြစ်ပြီးစစ်တွေမြို့တွင်းသို့ဝင်ရောက်ခွင့်မရှိကြောင်းလည်း သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ဘင်္ဂလီဒုက္ခသည်စခန်းပေါင်း ၄၃ ခုရှိပြီး ဘင်္ဂလီဒုက္ခသည် ဦးရေပေါင်း ၁၃၈၀၀၀ ကျော်ရှိသည်။ ဘင်္ဂလီဒုက္ခသည်များအား ကူညီရန်အတွက် UN/NGO (၃၁) ဖွဲ့ နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က  ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်း ထားလျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ဖဒူ ထွန်းအောင်
Development Media Group
http://www.dmediag.com
ဘင်္ဂလီ(၇)ဦးကို တားမြစ်နယ်မြေထဲသို့ ခေါ်ဆောင်လာသည့် ရဲဝန်ထမ်းအား အရေးယူမည် ဘင်္ဂလီ(၇)ဦးကို တားမြစ်နယ်မြေထဲသို့ ခေါ်ဆောင်လာသည့် ရဲဝန်ထမ်းအား အရေးယူမည် Reviewed by THITHTOOLWIN on 16:02 Rating: 5
Powered by Blogger.