တောင်ပြုံးပွဲတော် ရက်အကန့်အသတ် မရှိရွှေ့ဆိုင်း


ဇူလိုင် ၃၁ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့အထိ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ တောင်ပြုံးပွဲတော်ကြီးကိုရှိ ဖြစ်ပွားနေတဲ့ ရာသီတုတ်ကွေးရောဂါ A (H1N1) ကူးစက်မှု အန္တရာယ် မရှိတော့တဲ့ အချိန်ကျမှ ကျင်းပဖို့ ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။

 တောင်ပြုံးပွဲတော်ကို ကျင်းပခွင့် ပြုသင့်မပြုသင့်နဲ့ ပတ်သက်ပြီး မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင် ၃၀ ရက်ညနေမှာ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပြီး အစည်းအဝေးအပြီးမှာ အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ရုံး ရှေ့ကို ရောက်နေတဲ့ ရှမ်းသတင်းအေဂျင်စီ သတင်းထောက်ချုပ်ကိုဆက်ထွန်းက CNB ကို ပြောပါတယ်။

 အဲဒီအစည်းအဝေးကို မန္တလေးတိုင်း အစိုးရ တာဝန်ရှိသူတွေအပြင်၊ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ သဘင် အစည်းအရုံးက တာဝန်ရှိသူတွေလည်း တက်ရောက်တာ တွေ့ရပါတယ်။ မန္တလေးတိုင်းမှာ နှစ်စဉ်ကျင်းပနေတဲ့ တောင်ပြုံးပွဲတော်ဟာ အလွန်စည်ကားတဲ့ ပွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအရပ်ရပ်က လူတွေ လာရောက်ကြတာ ဖြစ်ပါတယ်။

 လက်ရှိ မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ် အချို့မှာ ရာသီတုတ်ကွေးရောဂါ A (H1N1) ကူးစက်ပျံ့ပွားနေတာကြောင့် မန္တလေးတိုင်း အစိုးရအနေနဲ့ အခုနှစ်အတွက် ကျင်းပခွင့်ပြုမယ်၊ မပြုဘူး အရေးပေါ် စည်းဝေး ဆုံးဖြတ်ခဲ့တာပါ။

 ဇူလိုင် ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း ရာသီတုတ်ကွေးရောဂါ နဲ့ ဆေးရုံတက်ကုသသူ ၁၃၈ ဦး၊ A (H1N1) ရောဂါပိုး တွေ့ရှိသူ ၄၁ ဦး၊ သေဆုံးသူ (၇) ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ သတင်းအပြည့်အစုံကို ပြည်တွင်းသတင်းတွေမှာ ဆက်လက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau က သီဟစိုးလွင် ပေးပို့ထားတာပါ။

Central News Bureau
https://www.facebook.com/skynetcnb

တောင်ပြုံးပွဲတော် ရက်အကန့်အသတ် မရှိရွှေ့ဆိုင်း တောင်ပြုံးပွဲတော် ရက်အကန့်အသတ် မရှိရွှေ့ဆိုင်း Reviewed by THITHTOOLWIN on 18:38 Rating: 5
Powered by Blogger.