ကျောက်ချောင်းကြီး သစ်တောကြိုးဝိုင်းအနီးတွင် သေဆုံးနေသော ဆင်(၁)ကောင်တွေ့ရှိ


(ပုသိမ်) ၊ ဇူလိုင် ၈ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာ အုပ်စုအတွင်းရှိ ကျောက်ချောင်းကြီးသစ်တော ကြိုးဝိုင်း အပြင်ဘက်တွင် ယမန်နေ့ မွန်းလွဲ (၃)နာရီခန့်တွင် သေဆုံးနေသော ဆင်(၁)ကောင်အား ဒေသခံများက တွေ့ရှိခဲ့ကြောင်း သိရသည်။

ဆင်သေတစ်ကောင်တွေ့ရှိသဖြင့် ဒေသခံများက သက်ဆိုင်ရာသို့ အကြောင်းကြားရာ သလပ်ခွာ နယ်မြေရဲစခန်းမှူး ရဲအုပ် ၀င်းမြင့်ထွန်း၊ ရှောပြာရဲကင်း စခန်းမှူး ဒုရဲအုပ် နေအောင်စိုး၊ အမှတ်(၁)သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲအုပ် ၀င်းကို၊ မြို့နယ်သစ်တော ဦးစီးဌာနမှ တောအုပ် နိုင်ချစ်ဝင်း ပူးပေါင်းအဖွဲ့မှ ဆင်သေဆုံးနေသည့် နေရာသို့သွားရောက်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။


သေဆုံးနေသည့်ဆင်မှာ ဆင်မဖြစ်ပြီး အသက်(၃၀) နှစ်ခန့်ရှိပြီး လုံးပတ် (၁၂)ပေခွဲခန့်၊ အမြင့်(၇)ပေခန့်၊ အလျား(၉)ပေခန့်၊ နားရွက်ကြီး၊ ရှေ့ခွာ(၅)၊ နောက်ခွာ (၄)ရှိကာ ကျောက်ချောင်းကြီးသစ်တော ကြိုးဝိုင်းအပြင် ဘက်တွင် အရှေ့ဘက်သို့ခေါင်းပြုလျက် ပုဆစ်တုတ် အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆင်သေဆုံးမှုနှင့် ပတ်သက်၍ အသေးစိတ် စစ်ဆေး မှုများပြုလုပ်နိုင်ရန်အတွက် မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဆရာဝန် ဒေါက်တာ သန်းညွန့်ဦးထံ ဆက်သွယ် အကြောင်းကြားမှုများပြုလုပ်ထားကြောင်း သိရှိရသည်။

မင်းထက်မုန်း/ဧရာဝတီတိုင်းမ်
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes/
ကျောက်ချောင်းကြီး သစ်တောကြိုးဝိုင်းအနီးတွင် သေဆုံးနေသော ဆင်(၁)ကောင်တွေ့ရှိ ကျောက်ချောင်းကြီး သစ်တောကြိုးဝိုင်းအနီးတွင် သေဆုံးနေသော ဆင်(၁)ကောင်တွေ့ရှိ Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.