ရင်ချင်းဆက်အမြွှာ စိုင်းခမ်းနှင့် စိုင်းငင်းတို့ကို ရန်ကုန် ကလေးဆေးရုံကြီး ၌ အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့


ရန်ကုန် ဇူလိုင် ၁၆

ရင်ချင်းဆက်အမြွှာ စိုင်းခမ်းနှင့် စိုင်းငင်းတို့ကို ဇူလိုင်လ ၁၆ရက်နေ့  နံနက် ၉ နာရီက ရန်ကုန် ကလေးဆေးရုံကြီး ခွဲစိတ်ခန်းမ၌ နှစ်နာရီ ကျော်ကြာ ခွဲစိတ်မှုများပြုလုပ်ခဲ့ပြီး အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ ကြောင်း ရန်ကုန်ကလေးဆေးရုံကြီးမှ သိရသည်။

စိုင်းခမ်းနှင့် စိုင်းငင်းတို့မှာ ကျိုင်းတုံမြို့နယ် ဝမ်ဟုတ် ကျေးရွာ တွင် နေထိုင်သည့် (အဘ) ဦးစိုင်းအောင်၊ (အမိ) ဒေါ်နမ်းခမ်းနမ်းတို့၏ သားများဖြစ်ပြီး၎င်းတို့ကို ၂ဝ၁၅ ခုနှစ် မတ် ၇ ရက် နံနက်ပိုင်းက ကျိုင်းတုံ အထွေထွေရောဂါကုဆေးရုံ ကြီးတွင် မွေးဖွားခဲ့သည်။

၎င်းတို့မှာ ရန်ကုန်ကလေးဆေးရုံကြီး ခွဲစိတ်ကုသ ဆောင် (၁) သို့ ၂ဝ၁၅ ခုနှစ် မေ ၄ ရက်က လွှဲပြောင်းရောက်ရှိခဲ့ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေး၊ ပါမောက္ခ ဒေါက်တာ အေးအေး (ကလေးခွဲစိတ် အထူးကုဆရာဝန်ကြီး)၊ ပါမောက္ခ ဒေါက်တာ ရဲမြင့်ကျော် (ကလေးအထူးကုဆရာဝန်ကြီး)နှင့် ပါမောက္ခဒေါက်တာလှမြတ်နွယ် (မွေးကင်းစ အထူးကုဆရာဝန် ကြီး)တို့က အနီးကပ် ကြီးကြပ်စောင့်ရှောက်ခဲ့ကြသည်။

ရင်ချင်းဆက်အမြွှာ စိုင်းခမ်းနှင့် စိုင်းငင်းတို့သည် မွေးကင်းစ အရွယ်မှ ယခုအချိန်အထိ ကြီးကြီးမားမားရောဂါမရှိဘဲ ပုံမှန်ကိုယ်ခန္ဓာနှင့် ဦးနှောက်ဖွံ့ဖြိုးမှုရှိကာ မခွဲစိတ်မီ ကိုယ်အလေး ချိန်မှာ၂ဝ ကီလိုဂရမ် ရှိပြီး သွေးစစ်ချက်အဖြေများလည်း ကောင်းမွန်ကြောင်းသိရသည်။

ယနေ့ ခွဲစိတ်မှုနှင့်ပတ်သက်၍ (ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး) ပါမောက္ခ ဒေါက်တာ အေးအေးက '' သူတို့နှစ်ယောက်က ချက်နေရာမှာ ဆက်နေတာပါ။ တခြားနေရာတွေကတော့ သီးခြားစီရှိနေပါတယ်။ အသည်းတော့ ထိဆက်နေပါတယ်။ အခုဆိုရင် ခွဲစိတ်မှုအပိုင်း ကတော့ အောင်မြင်စွာ ပြီးစီးသွားပါပြီ။ လောလောဆယ်တော့ သူတို့ကို ခွဲခန်းထဲမှာပဲ အနီးကပ်စောင့်ရှောက်ပေးနေပါ တယ်။ ကျန်းမာရေးအခြေအနေ တည်ငြိမ်သွားရင် လူနာဆောင် ကို ပြောင်းပေးသွားမှာဖြစ်ပါတယ်'' ဟု ပြောကြားသည်။

၎င်းတို့အား ခွဲစိတ်မှုပြုလုပ်ရာတွင် ပါမောက္ခ ဒေါက်တာ အေးအေး (ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ရန်ကုန်ကလေး ဆေးရုံကြီး) ဦးဆောင်သော ခွဲစိတ်မှု အဖွဲ့(၁)နှင့် တွဲဖက် ပါမောက္ခ ဒေါက်တာ ညိုညိုဝင်း (ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီး၊ ရန်ကုန် ကလေးဆေးရုံကြီး) ဦးဆောင်သော ခွဲစိတ်မှု အဖွဲ့(၂) တို့နှင့်အတူ ပါမောက္ခ ဒေါက်တာမူမူနိုင် ပါမောက္ခ ဌာနမှူး (မေ့ဆေးပညာနှင့် အထူးကြပ်မတ်ကုသဌာန၊ ဆေး တက္ကသိုလ် (၁) ရန်ကုန်) နှင့် တွဲဖက်ပါမောက္ခ ဒေါက်တာမြစိုး (ကလေးမေ့ဆေး အထူးကုဆရာဝန်ကြီး၊ ရန်ကုန် ကလေး ဆေးရုံကြီး) ဦးဆောင်သော မေ့ဆေးပညာအဖွဲ့၊ သူနာပြု ဆရာမကြီး ဒေါ်အေးအေးမြင့်နှင့် ဒေါ်တင်ယင်းမာတို့ ဦးဆောင် သော သူနာပြုဆရာမများ အဖွဲ့တို့က တာဝန်ယူခွဲစိတ်ကုသ ပေးခဲ့ပြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း (အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန) ဦးဆောင်သော နာယကကြီးများအဖွဲ့ ၊ ရန်ကုန်ကလေးဆေးရုံကြီး ဆေးရုံအုပ် ကြီး ဒေါက်တာ စုစုဌေး ဦးဆောင်သော စီမံခန့်ခွဲမှုနှင့် ပြန်ကြားရေးအဖွဲ့၊ ပါမောက္ခ ဒေါက်တာရဲမြင့်ကျော် (ပါမောက္ခ/ ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်) ဦးဆောင်သော ဆေးဘက်ဆိုင်ရာ ကုသရေးအဖွဲ့ ၊ ပါမောက္ခ ဒေါက်တာ ဌေးဌေးတင် (ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဓာတ်ခွဲ) ဦးဆောင်သော ရောဂါရှာဖွေရေးအဖွဲ့ ၊ တွဲဖက် ပါမောက္ခ ဒေါက်တာ အေးငယ်ငယ် ဦးဆောင်သော ဓာတ်မှန် ဆရာဝန်များ အဖွဲ့တို့က ဝိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့ကြကြောင်း သိရသည်။
'' အခုလို ခွဲစိတ်ကုသမှုတွေ လုပ်ဆာင်နိုင်ဖို့အတွက် သက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့ တွေက ကလေးငယ်တွေရဲ့ ကျန်းမာရေးအခြေအနေတွေကို အကောင်းဆုံးဖြစ်အောင် ပြုစုပေးခဲ့ရပါတယ်။ ရင်ချင်းဆက် အများစုကတော့ အသည်းဆက်နေတာများပါတယ်။ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို အဆင့်ဆင့်ပြုလုပ်ခဲ့တဲ့အပြင် ခွဲစိတ်မှု အတွက် ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အခုလို အောင်မြင်စွာခွဲစိတ်နိုင်ခဲ့တာပါ'' ဟု (ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီး) တွဲဖက်ပါမောက္ခ ဒေါက်တာ ညိုညိုဝင်းက ပြောသည်။

ခွဲစိတ်မှုပြုလုပ်ချိန်တွင် ၄င်းတို့ နှစ်ဦး၏အသက်မှာ နှစ်နှစ် နှင့် လေးလရှိပြီး ခွဲစိတ်မှုများပြုလုပ်ရန်အတွက် ခွဲစိတ်မှုခံ ယူမည့် ကလေးငယ်တို့၏ အသက်အရွယ်၊ ခန္ဓာကိုယ် ဖွံ့ဖြိုး တိုးတက်မှု၊ ကျန်းမာရေးအခြေအနေတို့အပေါ် မူတည်၍ သက်ဆိုင်ရာ ဆရာဝန်ကြီးများဖြင့် ပါဝင်ဖွဲ့စည်းထားသော ခွဲစိတ်မှုအဖွဲ့၏ ဆုံးဖြတ်မှုအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်မြင်စွာ ခွဲစိတ်နိုင်မှုအပေါ် ကလေးငယ်နှစ်ဦး၏ ဖခင်ဖြစ်သူ ဦးစိုင်းအောင်က '' ဒီလိုမျိုး ရင်ချင်းဆက်နေမယ် ဆိုတာ မွေးလာတော့မှ သိရတာပါ။ မခွဲခင်အချိန်တုန်းက တော်တော်စိတ်ပူခဲ့ရတယ်။ အခုလိုအောင်မြင်စွာခွဲစိတ်ပေးခဲ့တဲ့အတွက် ဆရာဝန်ကြီးနဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ပါ တယ်'' ဟု ပြောသည်။

ယနေ့ ရင်ချင်းဆက်အမြွှာတို့ကို ခွဲစိတ်ခြင်းသည် ရန်ကုန်ကလေးဆေးရုံကြီး၌ ကိုယ်ချင်းဆက်အမြွှာများ ခွဲစိတ်မှု အနက် အဋ္ဌမအကြိမ်မြောက် ခွဲစိတ်ခြင်းဖြစ်ပြီး ခွဲစိတ်မှု အတွက် ကုန်ကျစရိတ်ကို နိုင်ငံတော်က ကျခံဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်ကလေးဆေးရုံကြီး၏ ကိုယ်ချင်းဆက် အမြွှာများ ခွဲစိတ်အောင်မြင်မှုအနေဖြင့် ၁၉၇၁ ခုနှစ် ဇူလိုင် တွင် မနန်းစိုးနှင့် မနန်းစံတို့ကိုလည်းကောင်း၊ ၁၉၉၃ ခုနှစ် ဇူလိုင်လတွင် အေးအေးငြိမ်းနှင့် အိအိငြိမ်း တို့ကိုလည်းကောင်း၊ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလတွင် စိုပြေလင်းနှင့် စိုပြေဝင်း တို့ကိုလည်းကောင်း၊၂ဝ၁၁ ခုနှစ် နိုဝင်ဘာလတွင် အင်ကြင်းခိုင် နှင့် အင်ကြင်းလှိုင်၊ ရန်ကင်းနှင့် ရန်ရှင်းတို့ကိုလည်းကောင်း၊ ၂ဝ၁၂ ခုနှစ် မေလတွင် ဘေဘီချိုချိုဝင်းကိုလည်းကောင်း၊ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဘေဘီမိုးသူဇာကို လည်းကောင်း အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။

အလားတူ မန္တလေး ကလေးဆေးရုံကြီး၏ ကိုယ်ချင်းဆက် အမွှာများ ခွဲစိတ်မှုအနေဖြင့် ၂ဝဝ၂ ခုနှစ်တွင် မိုးပပအောင် နှင့် မိုးမမအောင်တို့ကိုလည်းကောင်း၊ ၂ဝ၁၂ ခုနှစ်တွင် အောင်ခန့်ကျော်နှင့် အောင်မြတ်ကျော်တို့ကိုလည်းကောင်း၊ ၂ဝ၁၇ ခုနှစ်တွင် ဝေယံဟိန်းနှင့် ဝေယံငြိမ်းတို့ကို လည်းကောင်း အောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း-ဇော်ကြီး(ပဏီတ)၊
ဓာတ်ပုံ-ဖေဇော်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရင်ချင်းဆက်အမြွှာ စိုင်းခမ်းနှင့် စိုင်းငင်းတို့ကို ရန်ကုန် ကလေးဆေးရုံကြီး ၌ အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ ရင်ချင်းဆက်အမြွှာ စိုင်းခမ်းနှင့် စိုင်းငင်းတို့ကို ရန်ကုန် ကလေးဆေးရုံကြီး ၌ အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ Reviewed by THITHTOOLWIN on 15:42 Rating: 5
Powered by Blogger.