![]() |
(မစ္စယန်ဟီးလီအား ဆန္ဒပြကန့်ကွက်ရန် စီစဉ်နေကြပုံ/ ဓာတ်ပုံ- Hein Htet Aung) |
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီ စစ်တွေကိုရောက်ရှိလာစဉ် ဒေသခံပြည်သူများမှ ဆန္ဒပြရန် စီစဉ်နေသဖြင့် ရဲအင်အား အပြည့်ဖြင့် လုံခြုံရေး ဆောင်ရွက်သွားမည်ဟု စစ်တွေခရိုင်ရဲမှူးကြီး ၀င်းနောင်က ပြောသည်။
“ ရဲအင်အားအပြည့်နဲ့ လုံခြုံရေး ဆောင်ရွက်သွားမှာပါ။ ရဲအင်အားကတော့ အနည်းဆုံး ၁၀၀ ပေါ့ဗျာ။ ဆန္ဒပြတဲ့သူတွေကို စောင့်ရှောက်တဲ့သဘောနဲ့ ရဲအင်အား ချသွားမှာ ဖြစ်ပါတယ်။ ဆန္ဒပြနေစဉ် တစ်စုံတစ်ရာ ပြသနာတွေ မပေါ်ရအောင် တာဝန်ယူဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီး ၀င်းနောင်က ပြောကြားသည်။
၎င်းပြင် မစ္စယန်ဟီးလီ လုံခြုံရေးကိုလည်း အထူးအလေးထား ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။
မစ္စယန်ဟီးလီသည် ဇူလှိုင်လ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့် တွင် ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ရောက်ရှိလာမည်ဖြစ်ရာ လူပေါင်းထောင်နှင့်ချီပြီး ကန့်ကွက် ဆန္ဒပြရန် စီစဉ်နေကြသည်ဟု သိရသည်။်
ဆန္ဒပြပွဲကို စစ်တွေအခြေစိုက် ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့က ဦးဆောင်၍ ပြုလုပ်မည် ဖြစ်ပြီး လူတိုင်း ပါဝင်ကြရန် စစ်တွေမြို့ကို အသံချဲ့စက်ဖြင့် ဆော်သြမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က “လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ ခိုးဝင်ဘင်္ဂလီတွေကို ယန်ဟီလီကနေပြီးတော့ လူ့အခွင့်အရေးလို့ ပြောပြီး ဘင်္ဂါလီဘက်က တစ်ဘက်သတ် ရပ်တည်ပေးနေတာကို မကျေနပ်တဲ့အတွက် ဒီဆန္ဒဖေါ်ထုတ်ပွဲကို ပြုလုပ်မှာဖြစ်ပါတယ်”ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
အဆိုပါဆန္ဒပြပွဲကို စစ်တွေမြို့ လေယာဉ်ကွင်း အ၀င်ဝ အလိုတော်ပြည့် ဘုန်းတော်ကြီး ကျောင်းရှေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။
အလားတူ ဆန္ဒပြကန့်ကွက်ပွဲကို ဘူးသီးတောင်မြို့တွင်လည်းပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
Narinjara
https://www.facebook.com/Narinjara
မစ္စယန်ဟီးလီ၏ စစ်တွေခရီးစဉ် ရဲအင်အား အပြည့်ဖြင့် လုံခြုံရေး ဆောင်ရွက်မည်
Reviewed by THITHTOOLWIN
on
19:31
Rating:
