လမ်းဘေးဓာတ်တိုင်အား ကရိန်းယာဉ်ဖြင့်နှုတ်စဉ် ဓာတ်တိုင် ချောက်ထဲပြုကျသွားပြီး ကရိန်းယာဉ်တိမ်းမှောက်ကာ ယာဉ်မောင်းသူ သေဆုံးသွား


လိပ်သို ဇူလိုင် ၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ဇလဲကျေးရွာတွင် လမ်းဘေးဓါတ်တိုင်အား ကရိန်းဖြင့်နှုတ်စဉ် ဓာတ် တိုင်မှာ ချောက်ထဲသို့ပြုကျသွားသဖြင့် ကရိန်းယာဉ်တိမ်းမှောက်သွားခဲ့ပြီး ကရိန်းယာဉ်မောင်းနှင်သူမှာ ယာဉ်ဖြင့်ပိ၍ ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၁ ရက် နံနက် ၁၀နာရီ ၊ မိနစ် ၄၀ အချိန်ခန့် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ဇလဲကျေးရွာတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး သေဆုံးမှုဖြစ်ပွားကြောင်း သတင်းအရ လိပ်သိုနယ်မြေ ရဲစခန်းမှူး ရဲအုပ် ဖြိုးမောင်မောင် ဦးစီး အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူ-လိပ်သိုကားလမ်း မိုင်တိုင်အမှတ် ၂၆/၄ အနီးတွင် ယာဉ်မောင်း ထွန်းထွန်းနိုင်(ခ) စိုးနိုင်(ခ)ကုလားလေး၊ (၁၉-နှစ်)၊ ပတ္တမြားလမ်း၊ ထီးလှိုင်(၁)ရပ်ကွက်၊ တောင်ငူမြို့၊ ပဲခူးတိုင်းဒေသကြီးနေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် နေမျိုးထွန်း၊ (၃၁-နှစ်)နှင့် ချစ်သွန်း၊ (၁၉-နှစ်)တို့နှင့် အတူ ယာဉ်အမှတ် 4G/----- နံပါတ်တပ်၊ Canter အမျိုးအစား၊ အဖြူရောင်၊ (၁၄)ပေ ကရိန်းယာဉ်ဖြင့် လမ်းဘေးဓာတ်တိုင်အား နှုတ်စဉ် ဓာတ်တိုင်မှာ ချောက်ထဲပြုတ်ကျသွား ပြီး ကရိန်းယာဉ်ပါတိမ်းမှောက် သွားခဲ့သည့်အတွက် ယာဉ်မောင်းမှာ ကရိန်းယာဉ်ဖြင့် ပိကာ ၀ဲလည်ပင်း၊ ၀ဲပုခုံးနှင့် ကျောပြင် တို့တွင်ညိုမဲဒဏ်ရာများ ရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း စစ်ဆေးသိရှိခဲ့ရပြီး အလောင်းအား ရဲဆေးစာဖြင့် လိပ်သိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး လိပ်သိုနယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီး ခင်ငြိမ်းမှ တရားလိုပြုလုပ်ကာ ယာဉ်ပေါ့ဆမှုကြောင့် လူသေဆုံးမှုဖြစ်ပွားစေသူ ထွန်းထွန်းနိုင်(ခ)စိုးနိုင်(ခ)ကုလားလေးအား လိပ်သိုနယ်မြေရဲစခန်းမှ အမှုရေးဖွင့်ထားကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လမ်းဘေးဓာတ်တိုင်အား ကရိန်းယာဉ်ဖြင့်နှုတ်စဉ် ဓာတ်တိုင် ချောက်ထဲပြုကျသွားပြီး ကရိန်းယာဉ်တိမ်းမှောက်ကာ ယာဉ်မောင်းသူ သေဆုံးသွား လမ်းဘေးဓာတ်တိုင်အား ကရိန်းယာဉ်ဖြင့်နှုတ်စဉ် ဓာတ်တိုင် ချောက်ထဲပြုကျသွားပြီး ကရိန်းယာဉ်တိမ်းမှောက်ကာ ယာဉ်မောင်းသူ သေဆုံးသွား Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.