ဘိန်းဖြူသယ်သည့်လင်မယား ယောက်ျားဖြစ်သူ သံလွင်တံတားပေါ်မှခုန်ချသေဆုံး ဇနီးဖြစ်သူဖမ်းဆီးခံရ

ဓါတ်ပုံ- ဘိန်းဖြူဘလောက်တုံး သယ် ဆောင်လာသည့် ဖိုးဝှီးကားပိုင်ရှင် (မြစ်ထဲခုန်ချသေဆုံးသူ စိုင်းကျော်)၏ဇနီး နန်းစံဟွမ်နှင့်ဖမ်းမိဘိန်းဖြူဘလောက်တုံးများ
ဂျူလိုင်လ ၂၅ ရက် ၂၀၁၇

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံနှင့်မိုင်းပန်ကြား သံလွင်မြစ်ကူးသည့် တာ့ဆန်းတံတားပေါ် တွင်ဖြတ်မောင်း သည့် ဖိုးဝှီးကားတစီးအား ဂိတ်စောင့်အာဏာပိုင်များ တားဆီးစစ်ဆေးရာ ဘိန်းဖြူဘလောက်တုံး သယ် ဆောင်လာသည့် လင်မယားမှာ အမျိုးသားဖြစ်သူက တံတားပေါ် မှသံလွင်မြစ်အတွင်းခုန်ချကာ ရေနစ် သေဆုံးသွားပြီး ဇနီးဖြစ်သူအားလည်း အာဏာပိုင်များမှ ထိန်းသိမ်းလိုက်သညဟ်ု သိရသည်။

ဂျူလိုင်လ ၂၄ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ပုံပါကျင်မှ သံလွင်အနောက်ခြမ်း မိုင်းပန်သို့သွားမည့် စိုင်းကျော် (အသက် ၄၂ နှစ်) နှင့် နန်းစံဟွမ် (အသက် ၂၃ နှစ်) တို့ဇနီးမောင်နှံ မောင်းနှင်လာသည့် ဖိုးဝှီးကားအား တံတားစောင့် ဂိတ်စောင့်အာဏာပိုင် များတားဆီးစစ်ဆေးရာ တန်ဖိုးကျပ်သိန်းပေါင်း ၂၆၀၀၀ ကျော် ရှိ ဘိန်းဖြူဘလောက်တုံး ၃၀၀ ခန့်အား ဖမ်းဆီးမိရာမှ အမျိုးသားဖြစ်သူ မြစ်အတွင်းခုန်ချ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းဖြစ်သည်။

“ဘိန်းဖြူဘလောက်တုံးက ၂၉၈ တုံးဖမ်းမိတယ်။ တစ်တုံးအလေးချိန် ၃၅၀ ဂရမ်လောက်ရှိတယ်။ ကားပိုင် ရှင် စိုင်းကျော်ရဲ့ပုံပါကျင်မှာရှိတဲ့ အိမ်ကိုလည်း အမိန့်အရ အာဏာပိုင်တွေ ၀င်ရောက်စစ်ဆေး တယ်။ သေနတ်တွေထပ်ပြီးဖမ်းမိပါတယ်။ ” - ဟု ပုံပါကျင်မှ ရဲတပ်ဖွဲ့အသိုင်းအ၀ိုင်းကပြောသည်။

ဖိုးဝှီးကားပိုင်ရှင် စိုင်းကျော်မှာမူ တာ့ဆန်းတံတားမှ သံလွင်မြစ်အတွင်းခုန်ချထွက်ပြေးရာ မြစ်ရေနှင့်မျောပါ ပျောက်ဆုံးသွားကြောင်း တာ့ဆန်းတံတားမှအာဏာပိုင်များ နှင့် ရင်းနှီးကျွမ်းဝင်သည့် ကုန်သည်တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

“သူ့ဇနီး နန်းစံဟွမ်ကိုတော့ ဖမ်းပြီး မိုင်းပန်မြို့အချုပ်ခန်းမှာသွားထားတယ်လို့ပြောတယ်။ မြစ်ရေကြီးချိန် လည်းဖြစ် ရေကလည်းအစီးတန်တော့ စိုင်းကျော်က ခုန်ချပြီးတာနဲ့ ရေထဲမှာ နစ်လိုက်ပေါ်လိုက် နဲ့ ၂ ခါ သုံး ခါတွေ့တယ်။ အဲနောက်မှာတော့ နစ်သွားတာပြန်မပေါ်တော့ဘူး။ အဲ့ကြောင့် သေဆုံးသွားပြီလို့ တာဝန်ကျ တွေကယူဆပါတယ်။ ” - ဟု အဆိုပါကုန်သည်ကလည်း သျှမ်းသံတော်ဆင့်အားပြောပြသည်။

စိုင်းကျော်ဆိုသူမှာ ပုံပါကျင်မြို့တွင် နေထိုင်ပြီး ၄င်း၏ ဇနီးနန်းစံဟွမ် မှာ ပုံပါကျင်မြို့နယ်ခွဲ နားကောင်းမူး တိုက်နယ်တွင်နေထိုင်ကြောင်း၊ တာချီလိတ်တွင်လည်းနေအိမ်ရှိကြောင်း၊ ၄င်းတို့အိမ်ထောင်ပြုကြ သည်မှာမကြာသေးသဖြင့် သားသမီးထွန်းကားခြင်းမရှိသေးကြောင်းသိရသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
ဘိန်းဖြူသယ်သည့်လင်မယား ယောက်ျားဖြစ်သူ သံလွင်တံတားပေါ်မှခုန်ချသေဆုံး ဇနီးဖြစ်သူဖမ်းဆီးခံရ ဘိန်းဖြူသယ်သည့်လင်မယား ယောက်ျားဖြစ်သူ သံလွင်တံတားပေါ်မှခုန်ချသေဆုံး ဇနီးဖြစ်သူဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.