စစ်အုပ်ချုပ်ရေးကြေညာပေးဖို့ ၁၄ ပါတီ ထုတ်ပြန်ချက် ANP လက်မခံ

ANP ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကို မေလ ၁၀ ရက်နေ့က စစ်တွေမြို့မှာ ကျင်းပစဉ်။ Photo: Gambarri Barri Rakhine
ရခိုင်ပြည်နယ်အတွင်းက လိုအပ်တဲ့နေရာတွေမှာ စစ်အုပ်ချုပ်ရေးကြေညာပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၄ ပါတီက အစိုးရထံတောင်း ဆိုတာကို ရခိုင်အမျိုးသားပါတီက လက်မခံကြောင်းနဲ့ အစိုးရအဖွဲ့နဲ့ တပ်မတော်ရဲ့ သဘောထားကို စောင့်ကြည့်နေကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။

စောင့်ကြည့်နေဆဲဖြစ်ပြီး လိုအပ်ရင် ပါတီအနေနဲ့ သဘောထားကြေညာချက်ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် ကပြောပါတယ်။

"အစိုးရရဲ့ ထင်မြင်ချက် ဒီနေ့ကတော့ ဦးဇော်ဌေးက ကြိုဆိုတယ်လို့ပြောပါတယ်။ ဒါပေမယ့် ဒီကိစ္စကလည်း တရားဝင်ပြောတာမဟုတ်ဘူး။ ကြိုဆိုတယ်ဆိုတဲ့ အပိုင်းပဲရှိတယ်။ လုပ်မယ်မလုပ်ဘူး ဆိုတာတော့ ကျနော်တို့ အတိအကျ မပြောနိုင်သေးဘူး။ ကျနော်တို့ပါတီကတော့ ရှင်းရှင်းလေးပြော ထားပါတယ်။ စစ်အုပ်ချုပ်ရေး ကိစ္စကို ကျနော်တို့ပါတီအနေနဲ့ကတော့ လက်ခံနိုင်ဖွယ်မရှိဘူး။ လိုအပ်ရင်ကျနော်တို့ သဘောထား ထုတ်ပြန် မယ်။ အခုကတော့ ကျနော်တို့ စောင့်ကြည့်တဲ့ အပိုင်းပဲရှိပါတယ်"

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က နိုင်ငံရေးပါတီ ၁၄ ခုက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရခိုင်ပြည်နယ် အတွင်းက လိုအပ်တဲ့ ဒေသတွေမှာ လုံခြုံရေးဆိုင်ရာ အဖွဲ့ အစည်းတွေရဲ့ ဆောင်ရွက်ချက်အပေါ် အစိုးရအဖွဲ့ရဲ့ တာဝန်ယူမှုကို အာမခံ နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃ (ခ) အရ နိုင်ငံတော် သမ္မတက စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်ပေးဖို့ တိုက်တွန်းထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃ (ခ)မှာ နိုင်ငံတော်သမ္မတအနေနဲ့ လိုအပ်ပါက စစ်အုပ်ချုပ်ရေး အမိန့် တစ်ရပ်ထုတ်ပြန်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေ၊ ရပ်ရွာ အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေ သတ်မှတ်ပေး ရမယ်လို့ ပြဌာန်းထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဲဒီတာဝန်တွေကို ကိုယ်တိုင်ဆောင်ရွက်နိုင်သလို သင့်တော်တဲ့ စစ်ဘက် အာဏာပိုင်တစ်ဦးဦးကို တာဝန်ပေးအပ်လို့ ရတယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

အစိုးရရဲ့ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေထုတ်ပြန်မှုမှာ အကြမ်းဖက်အဖွဲ့အစည်းတွေ၊ အကြမ်းဖက်မှုတွေ၊ အစွန်းရောက်အကြမ်းဖက်မှုတွေလို့ သုံးစွဲပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်ကို အကြမ်းဖက်တိုက် ခိုက်မှုအဖြစ် တရားဝင်ပြောကြားတာကို အသိအမှတ်ပြုကြောင်း ၁၄ ပါတီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ရခိုင်ပြည်နယ်အတွင်း စုံစမ်းစစ်ဆေးဖို့ အချက်အလက်ရှာဖွေ ဖော်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံ ကို စေလွှတ်မယ်ဆိုတာကို အစိုးရအနေနဲ့ လုံးဝအသိအမှတ် မပြုဖို့ကိုလည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
စစ်အုပ်ချုပ်ရေးကြေညာပေးဖို့ ၁၄ ပါတီ ထုတ်ပြန်ချက် ANP လက်မခံ စစ်အုပ်ချုပ်ရေးကြေညာပေးဖို့ ၁၄ ပါတီ ထုတ်ပြန်ချက် ANP လက်မခံ Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.