NLD ဗဟိုကော်မတီအစည်းအဝေး စတင်

ရန်ကုန်မြို့ရွှေဂုံတိုင်က NLD ရုံးချုပ်မှာ ဇွန်လ ၂၄ ရက်နေ့က ကျင်းပတဲ့ ၇ ကြိမ်မြောက် NLD ပထမဗဟိုကော်မတီ အစည်းအဝေး ကို တွေ့ရစဉ်။ Photo: Thiha Tun/ RFA
ပြည်သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ မောက်မာတဲ့ အပြုအမူ အပြောအဆိုတွေကို အထူးဂရုပြု ရှောင်ရှားကြဖို့ လိုအပ်ကြောင်း ဒီနေ့ ကျင်းပတဲ့ NLD ပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ သဘာပတိအဖြစ်တာဝန်ယူတဲ့ ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD တာဝန်ရှိသူတွေကို တိုက်တွန်း လိုက်ပါတယ်။

ရန်ကုန်မြို့ရွှေဂုံတိုင်က NLD ရုံးချုပ်မှာ ဒီနေ့ စတင်ကျင်းပတဲ့ ၇ ကြိမ်မြောက် NLD ပထမဗဟိုကော်မတီ အစည်း အဝေးမှာ သဘာပတိအဖြစ်တာဝန်ယူတဲ့ ဦးအောင်ကြည်ညွန့်က NLD တာဝန်ရှိသူတွေ မောက်မာထောင်လွှားတဲ့ အပြုအမူတွေကို ရှောင်ရှားကြဖို့ ပြောခဲ့တာဖြစ်ပါတယ်။

"ပြည်သူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တာဝန်ယူကြတဲ့ အဆင့်ဆင့်သော တာဝန်ရှိသော ပုဂ္ဂိုလ်များအပါအဝင် ကျနော်တို့ အောက်ခြေမှာရှိတဲ့ ရပ်ကျေးအနေအထားမှာရှိသော အလုပ်အမှုဆောင်အဖွဲ့များအနေနဲ့ ပြည်သူနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ဆက်ဆံတဲ့အခါမှာ ပြည်သူ ကိုမောက်မာစွာ ဆက်ဆံမှုမျိုးတွေကို အင်မတန်မှ အလေးထားရမယ့် အင်မတန်မှ ရှောင်ကျဉ်ရမယ့် အခြေအနေမျိုးရှိနေတယ်လို့ ဒီနေရာမှာ ကျနော် ကြုံတုန်းပြောခဲ့ချင်ပါတယ်"

ဒါ့အပြင် NLD ပါတီဟာ အတိုက်အခံပါတီဘဝက အဖိနှိပ်ခံခဲ့ရတဲ့ ဘေးကိုကြုံတွေခဲ့ရပြီး အဲဒီအခြေအနေဟာ လက်ရှိအချိန်မှာ ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပေမယ့် နောက်ထပ်ဘေးအန္တရာယ် ၃ မျိုးကြုံတွေ့ရဦးမယ့် အနေအထား မှာရှိတယ်လို့ ပြောပါတယ်။

အဲဒီအန္တရာယ် ၃မျိုးက မွေးစားခံရခြင်းဆိုတဲ့ ဘေးအန္တရာယ်၊ NLD ပါတီကို ခုတုံးလုပ်ခံရမယ့် ဘေးနဲ့ နောက်ဆုံး တစ်ခု ရှောင်ရှားရမှာကတော့ ပါတီဝင်တွေ ထောင်လွှားကြတဲ့ ဘေးအန္တရာယ်တွေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မနက်ဖြန် ဇွန်လ ၂၅ ရက်နေ့အထိ နှစ်ရက်ကြာကျင်းပမယ့် အစည်းအဝေးကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ၊ လွှတ်တော်ဥက္ကဌတွေ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ ဗဟိုကော်မတီဝင် အရန်ဗဟိုကော်မတီဝင် ၁၄၈ ဦးကိုဖိတ်ကြားထားပြီး ၁၂၂ ဦး တက်ရောက်ခဲ့ပါတယ်။

NLD ပါတီစတင်တည်ထောင်ခဲ့တဲ့ ကာလတလျောက် ဖိနှိပ်ခံခဲ့ရစဉ်က ခေတ်စနစ်အပေါ် မကြိုက်တာတူခဲ့တဲ့ အတွက် စည်းလုံးခဲ့ပေမယ့် လက်ရှိ အစိုးရအဖြစ်တာဝန်ထမ်းဆောင်ချိန် ကြိုက်တဲ့အချက်တွေတူလာတဲ့အတွက် ပါတီဝင် အချင်းချင်း စည်းလုံးညီညွတ်မှု အားနည်းလာတာကိုလည်း ဂရုပြုဖို့လိုတယ်လို့ ဦးအာင်ကြည်ညွန့်က သတိပေးခဲ့ပါတယ်။

အဲဒီ အစည်းအဝေးမှာ ပြည်နယ်နဲ့ တိုင်းအသီးသီးက စာတမ်းတွေ တင်သွင်းကြမှာဖြစ်ပြီး တစ်နှစ်တာကာလ အတွင်း နိုင်ငံရေး၊စီးပွားရေး၊ မြေယာမူဝါဒ၊ ငြိမ်းချမ်းရေး စတဲ့အချက်တွေနဲ့ ပတ်သက်တဲ့ စာတမ်းတွေကိုလည်း တင်ပြဆွေးနွေးကြမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
NLD ဗဟိုကော်မတီအစည်းအဝေး စတင် NLD ဗဟိုကော်မတီအစည်းအဝေး စတင် Reviewed by THITHTOOLWIN on 19:40 Rating: 5
Powered by Blogger.