JMC-L ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးရုံး လင်းခေးခရိုင် လင်းခေးမြို့တွင်ဖွင့်လှစ်


ဂျွန်လ ၂၉ ရက် ၂၀၁၇

သျှမ်းပြည်တောင်ပိုင်းလင်းခေးခရိုင်တွင် ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးရုံး ဖွင့်လှစ်ခဲ့ပြီး ပထမအကြိမ်အစည်းအဝေးကိုပါ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဂျွန်လ ၂၈ ရက်နေ့က လင်းခေးခရိုင် လင်းခေးမြို့နယ် ပုန်းထွန်ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တက်ရောက်သူ ၂၀၀ ခန့်ရှိကြောင်း ခရိုင်အဆင့်ကော်မတီဝင် စိုင်းဘဟန်ကပြောသည်။

“လောလောဆယ်တော့ JMC-L အတွက် ကော်မတီလည်းဖွဲ့ထားပါတယ်။ ရုံးလုပ်ငန်းအတွက်တော့မဖွဲ့ရသေးပါဘူး။ ဒါကြောင့် ပြည်နယ်အဆင့် JMC-S ကနေ ရုံးလုပ်ငန်းလည်ပတ်နိုင်ဖို့လာပြီး ကူညီဆောင်ရွက် ထားပေးပါတယ်။ မနေ့ကဖွင့်ပွဲမှာ ပြည်နယ်အဆင့် JMC-S နဲ့ ဒေသအဆင့် JMC-L ကဖိတ်ကြားထားတဲ့ အကြီးအကဲတွေ တက်ရောက်တယ်။ နောက်ပြီးတော့ ကော်မတီဝင်ရွာသား ၂ ယောက် ပအိုဝ်း PNLO က ၂ ယောက် စစ်တပ်က ၂ ယောက် ဒေသအဆင့်အုပ်ချုပ်ရေး ၁ ယောက်နဲ့ အာစီအက်အက်က ၁ ယောက် တက်ရောက် တယ်။ကျန်တာကတော့ ဒေသခံတွေပေါ့။ လူဦးရေ ၂၀၀ လောက်တက်ရောက်ခဲ့ပါတယ်။ ရုံးဖွင့်လှစ်ခြင်း အခမ်းအနားပါဘဲ အထူးတော့မရှိပါဘူး။ ”- ဟု စိုင်းဘဟန်ကပြောသည်။

ရုံးဖွင့်လှစ်အပြီး ပထမအကြိမ်အစည်းအဝေးကျင်းပရာ တွေ့ဆုံမိတ်ဆက်ခြင်းမျှသာဖြစ်ပြီး အထူးတလည်ဆွေးနွေးခြင်းမျိုးမရှိသေးကြောင်းဆိုပါသည်။
လက်ရှိတိုင် JMC-L ရုံးအပေါ်နှင့် အပစ်ရပ်ရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သိရှိနားလည်သည့်ဒေသခံ နည်းပါးနေသေးသဖြင့် လာမည့်လတွင် ခရိုင်ကော်မတီများ မောက်မယ်ဘက်သို့ ကွင်းဆင်းကာဒေသခံ လူထုနှင့် တွေ့ဆုံရန်ရှိကြောင်းဆိုပါသည်။

“ကျနော်တို့လုပ်ရမှာက အပစ်ရပ်ရေး စောင့်ကြည့်ဖို့။ ငြိမ်းချမ်းရေးကို စောင့်ကြည့်ဖို့ နဲ့ဒေသခံတွေကို မကြာမကြာ တွေ့ဆုံရှင်းပြဖို့ပေါ့။ ဒီလုပ်ငန်းတွေကကျနော်တို့ ချည်းဘဲလုပ်သွားလို့မရဘူးလေ။ ဒေသခံလူထုနဲ့ လက်တွဲပူးပေါင်း လုပ်ဆောင်သွားမှ အောင်မြင်မယ်လေ။ ”- ဟု လည်း စိုင်းဘဟန်က ပြောဆိုသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ သျှမ်းပြည်နယ် JMC-S ဥက္ကဌ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သန်းလှိုင်၊ အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပြင် မြို့နယ်အဆင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
JMC-L ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးရုံး လင်းခေးခရိုင် လင်းခေးမြို့တွင်ဖွင့်လှစ်  JMC-L ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးရုံး လင်းခေးခရိုင် လင်းခေးမြို့တွင်ဖွင့်လှစ် Reviewed by THITHTOOLWIN on 16:50 Rating: 5
Powered by Blogger.