ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအလုပ်သမားများကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA |
ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ထိုင်းအစိုးရရဲ့ ဥပဒေသစ်အရ ဇွန်လ ၂၂ ရက် နေ့ကနေ ဒီနေ့အထိဆိုရင် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်လောက် အဖမ်းခံထားရပြီး တစ်ခြားနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေလည်း ပါဝင်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုး က ပြောပါတယ်။
" ဇွန်လ ၂၂ ရက်နေ့ကနေ ဒီနေ့ ၂၇ ရက်နေ့အထိဆို မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ လောက်တော့ အဖမ်းခံထားရတယ်လို့ အကြမ်းအားဖြင့် သုံးသပ်လို့ရပါတယ်၊ အဖမ်းခံရတဲ့သူတွေထဲမှာ အရေအတွက်အများဆုံး က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တယ်၊ ကျန်တဲ့နိုင်ငံက နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေလည်း ၄၀၀ နီးပါးလောက်ရှိတယ်"
နိုင်ငံကူးလက်မှတ် ပန်းရောင်ကတ်/ယာယီနိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်ထားကြပြီး ထိုင်းနိုင်ငံ မှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ရှင်နဲ့ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ပြုလုပ်ထားကြဖို့၊ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်နဲ့ မိမိကိုင်ဆောင်ထားတဲ့ Work Permit ပါ အလုပ်ရှင် မတူညီရင် သက်ဆိုင်ရာမြို့နယ် အလုပ်သမား ရုံးတွေမှာ သွားရောက်ပြောင်းလဲထားဖို့လည်း မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ဗီဇာသက်တမ်းရှိပြီး Work Permit မရှိသေးတဲ့သူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ် အလုပ်သမားရုံးတွေမှာ သွားရောက်ပြုလုပ်ထားဖို့လည်း သတိပေးထားပါတယ်။
အဲဒီဥပဒေသစ်မှာ အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်နေရာတွေမှာ နိုင်ငံခြားသား အလုပ်သမားကို တရားမဝင် ခန့်အပ်ထားပြီး လုပ်ကိုင်နေကြောင်း ဖမ်းဆီးရမိရင် ဒဏ်ကြေးငွေအဖြစ် ထိုင်းဘတ်ငွေ ၄ သိန်းကနေ ၈ သိန်းအထိ ပြစ်ဒဏ်သတ်မှတ်ထားပါတယ်။ ရရှိထားတဲ့ အလုပ်လက်မှတ်နဲ့ အလုပ်နေ ရာကွဲလွဲနေရင် ထိုင်းဘတ်ငွေ လေးသိန်ထက်မပိုတဲ့ ဒဏ်ကြေးငွေနဲ့ညီတဲ့ ပြစ်ဒဏ်လည်း သတ်မှတ် ထားပြီး ပြစ်ဒဏ်တွေထဲမှာ အနည်းဆုံး ထောင်ဒဏ် ၆ လနဲ့ အများဆုံး ဒဏ်ကြေးငွေ ဘတ် ၈ သိန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
အထောက်အထားမရှိတဲ့ မြန်မာ အလုပ်သမားတွေ နေရပ်ပြန် ဖို့ မြန်မာသံရုံးထုတ်ပြန်
Reviewed by THITHTOOLWIN
on
18:28
Rating: