ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအားခွဲဝေပေးထားသည့် မြေကွက် ပြန်လည် ပေးအပ်


နိရဉ္စရာ၊ ဇွန် ၁၇

ယခင်အစိုးရ အာဏာမလွဲပြောင်းမီက ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ အစိုးရ အရာရှိကြီးများ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ စစ်တွေမြို့မိ မြို့ဖများခွဲဝေပေးထားသည့် မြေကွက်များအထဲမှ လက်ရှိ လွှတ်တော် ဥက္ကဋ္ဌ အား ပေးအပ်ထားသည့် မြေကွက်ကို လွှတ်တော် ဥက္ကဋ္ဌမှ ပြန်လည် ပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

၎င်းမြေမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် စက်မှုဇုံမြေနေရာတွင် တည်ရှိပြီး ထိုသို့ ပေးအပ်ကြောင်းကို ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှ စစ်တွေမြို့ မြို့မြေနေရာချထားရေးကော်မတီသို့ စာပို့ အကြောင်းကြားခဲ့သည်။

၎င်းစာကို ဇွန်လ ၁၅ ရက်နေ့ နေ့စွဲဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါပေးပို့စာ၌ ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျ ရပ်ကွက် အကွက်အမှတ် (block 7) (၂၃၅/၅၉၀) အကွက် ဦးပိုင်အမှတ် ( ) အနက်မှ မြေဧရိယာ (၆၀’×၈၀’) မြေကွက်အား ဦးစံကျော်လှ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအမည်ဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး မြို့မြေနေရာချထားရေးကော်မတီ၏ ၂၄၊ ၃၊ ၂၀၁၆ နေ့စွဲပါ ပေးပို့စာဖြင့် မြေနေရာ ချထားပေးခဲ့ကြောင်း၊ သို့သော် အဆိုပါမြေနေရာအား ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအနေဖြင့် အသုံးပြုရန် ဆန္ဒမရှိသဖြင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ပြန်လည်အပ်နှံပါသည်ဟု ပါရှိပါသည်။

၁၉၉၂-၉၃ တွင် စက်မှုဇုန်တည်ဆောက်ရေးအတွက် မြေယာများ သိမ်းယူခဲ့ရာတွင် ဆတ်ရိုးကျ ရပ်ကွက်နှင့် ကျေးတောကျေးရွာမှ လယ်သမား ၂၇ ဦးထံမှ မြေဧက ၁၆၀ ပါဝင်ကြောင်း၊ အဆိုပါလယ်မြေများတွင် ၂၀၁၅ ခုနှစ် မတ်လမှစ၍ ခြံစည်းရိုးများ ခတ်လာကြပြီးနောက်ပိုင်း မူလပိုင်ဆိုင်သည့် လယ်သမားများက ၃ ကြိမ် တိုင်တိုင် ဆန္ဒပြခဲ့ကြသည်။

၂၀၁၇ ခု မေလ ၁၅ ရက်နေ့က ဒုတိယအကြိမ် ဆန္ဒပြရာနှင့် ဇွန်လ ၉ ရက်နေ့ တတိယအကြိမ် ဆန္ဒပြရာ၌ လယ်ယာမြေများပြန်လည်ရရှိရေး၊ အဂတိလိုက်စားသူများကို အရေးယူပေးရေးတို့သာမက ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နှုတ်ထွက်ပေးရေးတို့ကိုပါ လယ်သမားများက တောင်းဆိုလာခဲ့ကြသည်ကို တွေ့ရှိရသည်။

အဆိုပါမြေနေရာများအား ပိုင်ဆိုင်ထားသူများ စာရင်းထဲတွင် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အမည်သာမက ယခင်အစိုးရလက်ထက်က အစိုးရအာပိုင်များ၊ လွှတ်တော်ဥက္ကဋ္ဌဟောင်း၊ ခရိုနီများနှင့် အဆင့်မြင့် အစိုးရ၀န်ထမ်း အမည်များပါ ပါရှိနေသည်ဟု အဆိုပါမြေယာပိုင်ဆိုင်သူများ စာရင်းအရသိရှိရသည်။

အဆိုပါ မြေယာ အငြင်းပွားမှု ပြဿနာသည် ၂၀၁၅ ခုနှစ်မှ စတင်ပေါ်ပေါက်လာခဲ့သော်လည်း ယနေ့အချိန်အထိ ပြေလည်အောင် ဖြေရှင်းပေးနိုင်သည်ကို မတွေ့ရှိရသေးပေ။

ဇွန်လ ၁၅ ရက်နေ့ နေ့စွဲဖြင့် ထွက်ရှိလာသော စာနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ သဘောထားကို သိရှိရန် နိရဉ္စရာမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကို လက်ခံဖြေကြားခဲ့ခြင်း မရှိပါ။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအားခွဲဝေပေးထားသည့် မြေကွက် ပြန်လည် ပေးအပ် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအားခွဲဝေပေးထားသည့် မြေကွက် ပြန်လည် ပေးအပ် Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.