နိရဉ္စရာ၊ ဇွန် ၁၉
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းစက်လှေ တစ်စီး နစ်မြုပ်ရာမှ တစ်ဦးသေပြီး ၅ ဦးကို ကယ်တင်ခဲ့ရသည်ဟု သိရသည်။
၎င်းငါးဖမ်းစက်လှေသည် ကျောက်ဖြူမြို့ အနောက်မြောက်ဘက် ရေမိုင် ၁၀၀ ခန့်အကွာ၊ ပေါက်တောမြို့နယ် စောမဲကျီ ကျွန်းအရှေ့ဘက် ရေမိုင် ၂၀ ခန့် အကွာတွင် ငါးဖမ်းနေစဉ် နစ်မြုပ်သွားခဲ့သည်ဟု သိရသည်။
ငါးဖမ်းလှေ နှစ်မြုပ်ပြီးနောက် တစ်ဦးသေဆုံးကာ ရေထဲမျှောနေသူ(၅)ဦးကို ဇွန်လ ၁၉ ရက် နံနက် ၁၁း၃၀ နာရီက ကယ်တင်နိုင်ခဲ့သည်ဟုသိရသည်။
သေဆုံးသွားသူမှာ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ ဆန်းနိုင်ဦး (၃၇)နှစ်ဖြစ်ကြောင်း ကျောက်ဖြူမြို့မရဲ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရေထဲမျှောနေသူ ၅ ဦးနှင့် သေဆုံးသူ ၁ ဦးကိုပါ ပဲ့နင်း ဦးညွန့်ရွှေ မောင်းနှင် လာသည့် ထူးထက်အောင်(၁၀) ငါးဖမ်းလှေမှ ကယ်ဆယ် ယူနိုင်ခဲ့ဖြစ်သည်။
‘‘ အသက်ရှင်သူ(၅)ဦးကိုတော့ ကျောက်ဖြူဆေးရုံမှာ ဆေးကုမှုခံယူဖို့ ပို့ထား ပါတယ်။ သေဆုံးသူကိုတော့ ရင်ခွဲစစ်ဆေးဖို့ဆောင်ရွက်နေပါတယ်’’ဟု ကျောက်ဖြူမြို့မ ရဲစခန်းတာဝန်ရှိ သူက ဆက်လက် ပြောသည်။
ရေထဲမျှောနေသူ(၅)ဦးမှာ ကျောက်တော်မြို့နယ်၊ ငါးဆောင်းကျေးရွာမှ သားသား (၂၃)နှစ်၊ ကျောက်ဖြူမြို့နယ်၊ ကပိုင်ချောင်းကျေးရွာမှ သန်းလှိုင်ရွှေ (၁၉)နှစ်၊ စစ်တွေမြို့နယ်၊ ကျေးတောကျေးရွာမှ မောင်မောင်ဌေး (၃၀)နှစ်၊ ဘူးသီးတောင်မြို့၊ အမှတ်(၅)ရပ်ကွက် ညီစိုက် (၂၇)နှစ်၊ ရမ်းဗြဲမြို့နယ်၊ အင်တောင်ကျေးရွာမှ ဆန်းနိုင်ဦး (၃၇)နှစ် တို့ဖြစ်ကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှတ်တမ်းအရ သိရသည်။
Narinjara
https://www.facebook.com/Narinjara