မိုးပဲတီစိမ်းများ စတင်ရိတ်သိမ်းချိန်တွင် ဈေးကောင်းရရန် တောင်သူများမျှော်လင့်နေ


နေပြည်တော် ဇွန် ၂၅

နေပြည်တော် တပ်ကုန်းမြို့နယ်တွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ယခုနှစ် မိုးရာသီ စိုက်ပျိုးထားသည့် ပဲတီစိမ်းစိုက်ခင်းတချို့ကို စတင်ရိတ်သိမ်း ခူးဆွတ်နေကြပြီ ဖြစ်ကာ စိုက်ပျိုးချိန်က အပင်များအတွက် ပိုးသတ်ဆေးဖိုးများနှင့် လုပ်အားခအရင်း အနှီးများ မြင့်တက်ခဲ့ခြင်းကြောင့် ယခု သီးနှံပေါ်ဦးပေါ်ဖျားအချိန်တွင် ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

''အခုပေါ်တဲ့ ပဲတီစိမ်းကတော့ နှစ်လခွဲသီးနှံပါ။ နှစ်လကျော်တာနဲ့ စတင်ခူးလို့ရတော့ အခုကျွန်တော်တို့ သိမ်းဆည်းခူးနေပါပြီ။ ပဲတီစိမ်းက တစ်ခါတည်းနဲ့ ခူးဆွတ်လို့ပြီးတဲ့ အသီး မဟုတ်ဘူး။ နောက်ထပ်အသီးတွေ ထပ်သီးတဲ့အတွက် နောက်အသီးတွေ ထပ်ဆွတ်ရပြီဆိုရင် သုံးလလောက် ကြာသွားတယ်။ ဘာပဲပြောပြော ပဲတီစိမ်းက အခြားသီးနှံတွေထက် ငွေရမြန်တယ်။ ရာသီဥတုကောင်းရင်ကောင်းသလို နောက် အသီးတွေက လိုက်တယ်''ဟု တပ်ကုန်းမြို့နယ် ကျားသေအိုင်းကျေးရွာမှ ပဲတီစိမ်း သုံးဧကခန့် စိုက်ပျိုးထားသူ ဦးမြင့်စိုးက ပြောသည်။

''အခုလောလောဆယ်ကတော့ ကြားရတာနဲ့ ရောင်းရတာနဲ့တော့ ဈေးနှုန်းက ကွာနေသေးတယ်။ ကြားနေတာက အမြင့်ဆုံး တစ်တင်းကို ငွေကျပ် ၄၅ဝဝဝ ဝန်းကျင် အထိ ပေါက်နေတယ်လို့တော့ ကြားရတယ်။ ရာသီဥတုကြောင့်လားတော့ မသိဘူး။ ၃ဝဝဝဝ ကျော်လောက်ပဲ ပြန်ဖြစ်နေတယ်လို့သိရတော့ ကြားရတဲ့ဈေးနှုန်းကတော့ မတည်ငြိမ်ဘူး။ ပြန်ကျနေတယ်လို့လည်း ကြားရတယ်''ဟု ¤င်းက ဆက်ပြောသည်။

ပဲတီစိမ်းသည် အချိန်တိုနှင့် ငွေရမြန်သည့်အပြင် အခြားသီးနှံများထက် အရင်း အနှီးနည်းသဖြင့် တပ်ကုန်းမြို့နယ်အတွင်းမှ တောင်သူများက ယခင်ကထက် ပိုမို ကျယ်ပြန့်စွာ စိုက်ပျိုးလာကြသော်လည်း ရာသီဥတုအခြေအနေအရ အပင်ကြီးထွား ဆေး၊ ပိုးသတ်ဆေးများကို သာမန်ထက်ပိုပြီး ဈေးကြီးပေးဝယ်ကာ အသုံးပြုခဲ့ရသဖြင့် ထင်ထားသလောက် အမြတ်အစွန်းမရကြောင်း သိရသည်။

''ပြီးခဲ့သည့်နှစ်ကထက်တော့ ဈေးနှုန်းက အနည်းငယ်ကောင်းတယ်လို့ ပြောလို့ ရတယ်။ ကောင်းတယ်ဆိုပေမယ့် ကုမ္ပဏီတွေဆီကပြန်ဝယ်ရတဲ့ ပိုးသတ်ဆေးဖိုးတွေ ဈေးမြင့်တော့ ကျွန်တော်တို့အတွက် အမြတ်အစွန်းက ထင်သလောက် မကျန်တော့ ဘူး။ တစ်တင်း ငွေကျပ် ၄ဝဝဝဝ ကျော်အထိဆိုရင်တော့ တောင်သူအတွက် တွက်ခြေ ကိုက်တယ်လို့ ပြောလို့ရပါတယ်''ဟုလည်း ဦးမြင့်စိုးက ဆိုသည်။

ယခုနှစ် ပဲတီးစိမ်းပေါ်ချိန် ပေါက်ဈေးအတွက် ရတက်မအေးဖြစ်နေရချိန်တွင် သီးနှံ များကို အချိန်မီ ရိတ်သိမ်းခူးဆွတ်ရန် နေ့စား အလုပ်သမားရှားပါးမှုနှင့် အလုပ်သမားခ များ မြင့်တက်နေမှုကလည်း တောင်သူများအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့ နေရသည်။ အလုပ်သမားခမှာ တစ်ဦးလျှင် တစ်ရက် ငွေကျပ် ၄ဝဝဝ ခန့် အနည်းဆုံး ပေးရပြီး ပဲတီစိမ်းတစ်ဧက အချိန်မီရိတ်သိမ်းခြင်းအတွက် အလုပ်သမား ၁ဝ ဦးခန့် ခေါ်ရသဖြင့် တောင်သူများအနေဖြင့် ဈေးကောင်းရရန်သာ မျှော်လင့်လျက်ရှိကြောင်း သိရသည်။

 သတင်း-မောင်လွင် (တပ်ကုန်း)၊ ဓာတ်ပုံ-မောင်မွှေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးပဲတီစိမ်းများ စတင်ရိတ်သိမ်းချိန်တွင် ဈေးကောင်းရရန် တောင်သူများမျှော်လင့်နေ မိုးပဲတီစိမ်းများ စတင်ရိတ်သိမ်းချိန်တွင် ဈေးကောင်းရရန် တောင်သူများမျှော်လင့်နေ Reviewed by THITHTOOLWIN on 17:02 Rating: 5
Powered by Blogger.