သိန်းနီမြို့ အသက်(၅)နှစ် အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ် ၂၂ နှစ်နှင့် ၃ လ ချမှတ်


ဇွန်လ ၂၉ရက်၊ မားနဂါး၊ သိန်းနီ။

သိန်းနီမြို့ အ.ထ.က(၂) ၆၉ တပ်ကျောင်း၌ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်သူ ကျောင်းစောင့် ဦးဝင်းညွန့်ကို လားရှိုးခရိုင်တရားရုံး၌ ဇွန် ၂၉ ရက်တွင် ထောင်ဒဏ် ၂၂ နှစ်နှင့် ၃ လ ချမှတ်လိုက် ကြောင်း သိရသည်။

တရားခံဖြစ်သူ ဦးဝင်းညွန့်ကို ရာဇသတ်ကြီးပုဒ်မ ၃၄၂၊ ၃၆၃၊ ၃၇၆ဖြင့် ထောင်ဒဏ် ၂၂ နှစ်နှင့် ၃ လချမှတ်လိုက်ခြင်း ဖြစ်သည်ဟု လိုက်ပါ ကူညီပေးခဲ့သူ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)မှ လွေးပ္လါင်ချှီက ပြောသည်။

"ဒီနေ့ အမိန့်ချလိုက်တာက ထောင်ဒဏ် ၂၂ နှစ်နဲ့ ၃လပေါ့။ လားရှိုးခရိုင်တရားရုံးက ချလိုက်တာပါ။ ပုဒ်မ ၃၄၂၊ ၃၆၃၊ ၃၇၆ စတဲ့ ပုဒ်မ ၃ ခုနဲ့ အမိန့် ချမှတ်လိုက်တယ်။ သူတို့မိဘဘက်ကတော့ ကျေနပ်တယ်လို့ ပြောတယ်။ အထက်ကို ဆက်မတက်တော့ဘူး" ဟု လွေးပ္လါင်ချှီက ပြောပါသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၄၂ မည်သူမဆို တဦးတယောက်သောသူကို မတရားချုပ်နှောင်ထားလျှင် ထိုသူကို တနှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ တထောင်ထိ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ပုဒ်မ ၃၆၃တွင် မည်သူ မဆို တဦးတယောက်သောသူအား ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ဖြစ်စေ ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှဖြစ်စေ ခိုးယူလျှင် ထိုသူကို ခုနှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ပုဒ်မ ၃၇၆ တွင် မုဒိမ်းမှု ကျူးလွန်သူကို တသက်တကျွန်းဒဏ်ဖြစ်စေ ဆယ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ မုဒိမ်းကျင့်ခံရသော မိန်းမသည် မိမိ၏မယားဖြစ်၍ အသက်တဆယ့်နှစ် နှစ်အောက် မဟုတ်လျှင်မူကား မုဒိမ်းကျင့်သော ထိုလင်ကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

အဆိုပါ တရားခံဦးဝင်းညွန့်ကို ထောင်ဒဏ် ၂၂နှစ်နှင့် ၃လ ချမှတ်လိုက်သည့်အပေါ် မိသားစုဝင်များအနေဖြင့် ကျေနပ် ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

ဖြစ်စဉ်မှာ ကျောင်းစောင့် ဦးဝင်းညွန့်သည် အသက်(၅)နှစ်အရွယ် လွေး×××ကို ၂ဝ၁၇ခု ဇန်နဝါရီ ၂၆ ရက်တွင် မုန့် နှင့်အချိုရည် တိုက်ကျွေးမည်ဟုဆိုကာ လွေး×××အား ၎င်း၏နေအိမ်သို့လိုက်ခဲ့ရန် လိမ်လည်၍ ခေါ်ဆောင်သွားခဲ့ပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

Marnagar News Journal
https://www.facebook.com/marnagarnewsjournal
သိန်းနီမြို့ အသက်(၅)နှစ် အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ် ၂၂ နှစ်နှင့် ၃ လ ချမှတ် သိန်းနီမြို့  အသက်(၅)နှစ် အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ် ၂၂ နှစ်နှင့် ၃ လ ချမှတ် Reviewed by THITHTOOLWIN on 08:13 Rating: 5
Powered by Blogger.