မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော လေးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်


နေပြည်တော် ဇွန် ၂၉

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေရဲစခန်းအပိုင်တွင် ဖြစ်ပွားခဲ့သော လေးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း တစ်ရပ် ထုတ်ပြန်လိုက်သည်။

သတင်းထုတ်ပြန်ချက်တွင် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု ပတ္တမြားမြို့သစ် မြအေးချမ်းသာလမ်း အမှတ် (မရှိ)ကျူးကျော်နေ ဒေါ်ရီရီနွဲ့ သည် ဇွန် ၂ဝ ရက် နံနက် ၆ နာရီခန့်တွင် ရွှေပြည်သာမြို့နယ်မှ ပြန်လာစဉ် ခြံဝင်းတံခါးနှင့် အိမ်ရှေ့တံခါးမကြီးမှာ ပိတ်ထားသဖြင့် အိမ်နီးချင်း မခင်မာချို၊ မအိဖြူနှင့် ကိုကျော်ရွှေတို့နှင့်အတူ ခေါင်းရင်းဘက်ရှိ ပြတင်းတံခါးမှ တစ်ဆင့် နေအိမ်အတွင်း ဝင်ရောက်ကြည့်ရှုရာ သားမက်ဖြစ်သူ စိုးနောင်(၃၇)နှစ်နှင့် မြေးဖြစ်သူ မောင်ဟန်သူရ (၁၃)နှစ်တို့သည် အိမ်ရှေ့ခန်း၌ လည်းကောင်း၊ သမီးဖြစ်သူ မချယ်ရီပွင့်(၃၄)နှစ်သည် မီးဖိုခန်း၌ လည်းကောင်း၊ မြေးဖြစ်သူ မောင်စွမ်းထက်မြတ်(၈)နှစ်သည် အိပ်ခန်းအတွင်းရှိ အိပ်ရာပေါ် တွင် လည်းကောင်း၊ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် ထောက်ကြန့်နယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ပြီး မှုခင်းရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ ကြောင်း ဖော်ပြထားသည်။

သေဆုံးသူ စိုးနောင်မှာ ဧည့်ခန်းအတွင်း၌ အဝတ်အစားမပါရှိဘဲ ပက်လက်အနေအထားဖြင့် ရင်ဘတ်တွင် ဓားသွားကန့်လန့်ထိုးသွင်းဒဏ်ရာ(၄)ချက်၊ ဇနီးဖြစ်သူ မချယ်ရီပွင့်မှာ မီးဖိုချောင်ခန်းအတွင်း၌ မျက်နှာ၊ ရင်ဘတ်၊ ကျောတို့၌ ဓားထိုးသွင်းဒဏ်ရာ ၁၂ ချက်၊ သားအကြီးဖြစ်သူ မောင်ဟန်သူရမှာ ဧည့်ခန်းအတွင်း၌ ယာဘက်နံစောင်းတွင် ဓားထိုးသွင်းဒဏ်ရာ ငါးချက်နှင့် သားငယ်ဖြစ်သူ မောင်စွမ်းထက်မြတ်မှာ အိပ်ခန်းအတွင်း အိပ်ရာပေါ်၌ ဓားသွားကန့်လန့် ထိုးသွင်းဒဏ်ရာ လေးချက်တို့ဖြင့် တွေ့ရှိခဲ့ပြီး သေဆုံးသူ စိုးနောင်၏ ဝဲဘက်လက်အနီးတွင် အရိုးလေးလက်မ၊ အသွားခုနစ်လက်မရှိ သတ္တုလက်ကိုင် တပ်ဆင်ထားသော သွေးစွန်းနေသည့် သက်သေခံဓား တစ်ချောင်းကို တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း။

ထို့ပြင် သေဆုံးသူ စိုးနောင်၏ အလောင်းအနီးရှိ သွေးကွက်အတွင်း၌ ခြေရာအချို့နှင့် သေဆုံးသူ မောင်စွမ်းထက်မြတ်၏ ခုတင်ဘေးရှိ သွေးစွန်းနေ သော ကြမ်းပြင်ပေါ်၌ ဖိနပ်ရာတစ်ခု၊ သွေးများ ပေကျံနေသည့် စွပ်ကျယ် တစ်ထည်နှင့် သွေးများပေကျံနေသည့် ခြင်ထောင်အား သက်သေခံ အထောက် အထားများအဖြစ် သိမ်းဆည်းရရှိခဲ့သည်။ နေအိမ်အတွင်းသို့ ပြစ်မှုကျူးလွန် သူများ ဝင်/ထွက်နိုင်သည့် လမ်းကြောင်းနှင့် ထူးခြားသည့် သဲလွန်စများ မတွေ့ရှိသော်လည်း နေအိမ်ဧည့်ခန်းအတွင်းရှိ စားပွဲပေါ်တွင် ဖြစ်စဉ် မဖြစ်ပွားမီညက သေဆုံးသူ မချယ်ရီပွင့်၏ ဖခင် ဦးခွန်နောင် ပေးထားသော ငွေစက္ကူရောရာ ကျပ် ၁ဝ၅ဝဝဝ မှာလည်း ပုံမပျက်ရှိနေခြင်း၊ သေဆုံးသူ မချယ်ရီပွင့်မှာ စိန်နားကပ် ဝတ်ဆင်ထားခြင်းတို့ကြောင့် ပစ္စည်းတစ်စုံတစ်ရာ ရယူလိုမှုကြောင့် လူသတ်လုယက်ခံရခြင်းမဟုတ်ကြောင်း ယူဆနိုင်သည်ဟု ဖော်ပြထားသည်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် လေးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်သည့် မသင်္ကာဖွယ်လူသုံးဦး၏ ဓာတ်ပုံမှာ တရားလိုဒေါ်ရီရီနွဲ့၏ ထွက်ဆိုချက်အရ ဖြစ်စဉ်မဖြစ်ပွားမီ တစ်ပတ်ကျော်ခန့်က မချယ်ရီပွင့်သည် နေအိမ်အတွင်း ရှိနေစဉ် အိမ်အရှေ့ဘက် ခြံစည်းရိုး၌ ဓာတ်ပုံရိုက်နေသော လူ(၃)ဦးအား မသင်္ကာသဖြင့် မချယ်ရီပွင့်မှ လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူ ထားခဲ့ခြင်းဖြစ်၍ ဆက်လက်စုံစမ်းဖော်ထုတ်ဆဲဖြစ်ကြောင်းနှင့် သေဆုံးသူ စိုးနောင်သည် ရွှေပြည်သာမြို့နယ် (၁၈)ရပ်ကွက် ဆိပ်ကမ်းသာလမ်းရှိ သဲ/ကျောက် အရောင်းဆိုင်ဖွင့်လှစ်ထားသူ ဦးမြင့်ကြိုင်၊ ဒေါ်တင်တင်ငြိမ်းတို့ ထံမှ အုတ်/သဲ/ကျောက်များကို အကြွေးဝယ်ယူပြီး ၂ဝ၁၆ ခုနှစ် နှစ်ဆန်း ပိုင်းတွင် ငွေကျပ် ၂၇ သိန်း အကြွေးတင်ရာ ဒေါ်တင်တင်ငြိမ်းမှ ဖုန်းဖြင့် အကြိမ်ကြိမ်တောင်းခံမှုကြောင့် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်တွင် စိုးနောင်မှ ငွေကျပ် ၁ဝ သိန်း ပေးဆပ်ခဲ့ကြောင်း စစ်ဆေးသိရှိရသည်။

ဖြစ်စဉ် ဖြစ်ပွားသည့် အိမ်ခြံဝင်းအတွင်းနှင့် အပြင်တို့တွင် စစ်ဆေးချက် များအရ သေဆုံးသူ မိသားစုတို့ ဗေဒင်၊ ယတြာချေထားသော ပစ္စည်းများ၊ သေဆုံးသူ မချယ်ရီပွင့်၏ ခြေဖဝါးနှစ်ဖက်တွင် အကြွေးပေးရန်ရှိသူ၏ အမည် အား မင်ဖြင့်ရေးသား၍ ယတြာချေထားမှုများ၊ နေအိမ်ဗီရိုအတွင်းမှ မှော်၊ ကဝေ၊ သရဲ၊ တစ္ဆေ၊ ဝိညာဉ်နှင့် ဂမ္ဘီရအကြောင်းအရာပါ စာအုပ်များတွေ့ရှိ သိမ်းဆည်းရရှိခဲ့သည်။ အမှုစစ် ရဲတပ်ဖွဲ့အနေဖြင့် တရားလိုနှင့် လွတ်လပ် သောသက်သေ ၁၅၆ ဦး၊ သင်္ကာမကင်းသူ ခုနစ်ဦးတို့အား အသေးစိတ်စိစစ်ခဲ့ရာ အမှုနှင့်ဆက်စပ်သည့် အခြင်းအရာများ ကျူးလွန်သည့် အချက်အလက်အထောက် အထား တစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

သက်သေခံ ခြေရာများမှာ သေဆုံးသူ စိုးနောင်၏ ခြေရာများ ဖြစ်ပြီး ခုတင်ဘေးတွင် တွေ့ရှိသော ဖိနပ်ရာမှာ တရားလို ဒေါ်ရီရီနွဲ့၏ ဖိနပ်ရာဖြစ် ကြောင်း အတည်ပြုနိုင်ခဲ့ကာ သေဆုံးသူ မချယ်ရီပွင့်သည် တစ်ခါတစ်ရံတွင် အရက်နှင့် ဝိုင်ကိုသောက်လေ့ရှိပြီး နေအိမ်ထမင်းစားခန်းတွင် သောက်လက်စ Grand Royal ဝီစကီပုလင်း၌ အရက်လေးပုံတစ်ပုံကျန်ရှိမှုနှင့် ရေခဲသေတ္တာ အတွင်း၌ ဝိုင်အသစ်နှစ်ပုလင်းတို့ တွေ့ရှိခဲ့သည်။ ဓာတုဗေဒဝန်ရုံး၏ စစ်ဆေး ချက်အရ စိုးနောင်၏ အစာအိမ်အရည်တွင် အရက်ပါဝင်မှု မတွေ့ရှိရဘဲ မချယ်ရီပွင့်၏ အစာအိမ်အရည်တွင် အရက်ပါဝင်မှု ( သုည ဒသမ ၁၆)ရာခိုင် နှုန်းတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူ စိုးနောင်အနီးမှ တွေ့ရှိခဲ့သောဓားမှာ စိုးနောင်၏ ကိုယ်ပိုင် ဓားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ယင်းဓားရိုးတွင် စိုးနောင်၏ DNA စိစစ်တွေ့ရှိရခြင်း၊ ဓားသွားပေါ်ရှိ သွေးများမှာလည်း စိုးနောင်၊ မချယ်ရီပွင့်၊ မောင်ဟန်သူရနှင့် မောင်စွမ်းထက်မြတ်တို့၏ DNA များသာ တွေ့ရှိခဲ့သည်။ သက်သေခံသိမ်းဆည်းရမိထားသော စွပ်ကျယ်မှာ သေဆုံးသူ စိုးနောင်၏ စွပ်ကျယ်ဖြစ်ပြီး စွပ်ကျယ်အား ချွတ်၍ သုတ်ထားသည့် အနေအထားဟုယူဆ ခဲ့ရသည်။ ထို့ပြင် စွပ်ကျယ်တွင် ဓားဖြင့်ထိုးထားသော အပေါက်အရာ မရှိဘဲ ခြင်ထောင်ရှိ သွေးများနှင့် စွပ်ကျယ်တွင် ပေကျံနေသည့်သွေးများကို DNA စစ်ဆေးခဲ့ရာ သေဆုံးသူ လေးဦးတို့၏ DNA သာတွေ့ရှိရပြီး အခြားပြင်ပ DNA မတွေ့ရကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဖော်ပြထားသည်။

သေဆုံးသူ စိုးနောင်၏ ဝဲဘက်လက်သန်းတွင် သွေးခြေဥဒဏ်ရာ တွေ့ရှိရ သဖြင့် မှုခင်းဆရာဝန်မှစစ်ဆေးရာ သက်သေခံဓား၏ သတ္တုအရိုးအား တင်းကြပ်စွာကိုင်ဆောင်၍ အချက်ပေါင်းများစွာထိုးစဉ် ရရှိနိုင်သော သွေးခြေဥ ဒဏ်ရာဖြစ်ကြောင်းနှင့် သေဆုံးသူ စိုးနောင်မှာ ဘယ်သန်ဖြစ်ကြောင်း၊ သေ ဆုံးသူ တစ်ဦးချင်းစီတွင် တွေ့ရှိရသော ဓားဒဏ်ရာများမှာ သိမ်းဆည်းရမိခဲ့သည့် သက်သေခံဓားဖြင့် ထိုးသွင်းရရှိခဲ့သော ဒဏ်ရာများဖြစ်ကြောင်း အတည် ပြုနိုင်ခဲ့သည်။ ထို့ပြင် သေဆုံးသူ စိုးနောင်၏ ကိုယ်ပေါ်တွင် တွေ့ရှိရသော ကန့်လန့်ပုံ ဓားထိုးသွင်းဒဏ်ရာလေးချက်မှာလည်း သေဆုံးသူအနေဖြင့် ပုံမှန်မဟုတ်သော စိတ်ခံစားမှုမျိုးဖြစ်ပေါ်ချိန်၌ မိမိကိုယ်ကို ထိုးသွင်းရရှိသည့် ဒဏ်ရာဖြစ်ကြောင်း မှုခင်းဆရာဝန်ကြီးမှ အတည်ပြုပြောကြားခဲ့သည့်အပြင် အလားတူ အခြားသာဓကဖြစ်စဉ် မှုခင်းများလည်းရှိကြောင်း။

သေဆုံးသူ စိုးနောင်သည် ဒဿနိကဗေဒဘွဲ့ရရှိထားသူဖြစ်ပြီး စိတ် မြန်လက်မြန် ဆောင်ရွက်တတ်သူဖြစ်ကြောင်း၊ တုတ်/ဓားလက်နက်ကိုင်ဆောင် တတ်သည့် အလေ့အထရှိကြောင်း၊ ၎င်းတို့ဇနီးမောင်နှံသည် အိမ်ထောင် မပြုမီအချိန်မှစ၍ သေဆုံးချိန်အထိ အိမ်ထောင်ရေး ပြဿနာများ၊ လူမှုရေး ပြဿနာများရှိနေခဲ့ကြောင်း၊ အခင်းမဖြစ်မီ သုံးလခန့်မှစ၍ မိသားစု စီးပွားရေး အကြပ်အတည်းများ ကြုံတွေ့နေရကြောင်း၊ ၎င်းတို့မကြာခဏ စကားများမှုရှိ ကြောင်း၊ ထိုအချက်များအပေါ်တွင် အကြောင်းပြု၍ စိုးနောင်သည် အအိပ် အစားပျက်မှုများ၊ စိတ်မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပတ်ဝန်းကျင် သက်သေများ၏ ထွက်ဆိုချက်များအရ သိရှိရသည်။

ထို့ပြင် ၎င်းတို့မိသားစု၏ အိမ်ထောင်ရေး၊ လူမှုရေးပြဿနာများအား ကောင်းစွာသိရှိသူ ရှစ်ဦးမှလည်း သက်ဆိုင်ရာတရားရုံးတွင် ကြိုတင်ထွက် ဆိုချက်များ ပြည့်စုံစွာထွက်ဆိုပေးထားပြီး ဖြစ်ကြောင်းနှင့် သက်သေ၊ ကျွမ်းကျင်သူပညာရှင်များ၊ သက်မဲ့သက်သေအထောက်အထားများမှ စစ်ဆေးပေါ်ပေါက်ချက်များအရ အမှုအား ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော လေးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန် မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော လေးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 08:01 Rating: 5
Powered by Blogger.