မိုင်းပါလျှိုးနယ်မြေအတွင်း တောင်ကျချောင်းရေ တိုက်စား၍ လမ်းပန်းခေတ္တပြတ်တောက်


ကျိုင်းလပ် ဇွန် ၃ဝ

ဇွန် ၃ဝ ရက် နံနက် ၇ နာရီခန့်က တာချီလိတ်မြို့နယ်၊ မိုင်းပါလျှိုးနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ တောင်ကျချောင်းရေများပါ ကျဆင်းလာ သည့်အတွက် မိုင်းပါလျှိုးအုပ်စု၊ တာလေ-ကျိုင်းလပ်သွားလမ်း၊ နမ်ဝမ်း(၂)ကျေးရွာအနီး မိုင်တိုင်အမှတ် (၄၁-၄၂)ကြား ကတ္တရာလမ်းပျက်စီးပြီး လမ်းပန်းသွားလာရေး ခေတ္တ ပြတ်တောက် သွားခဲ့သည်။

တောင်ကျချောင်းရေတိုက်စားမှုကြောင့် ရေထွက်ပြွန်နှင့် လမ်းအကျယ် ၁ဝ ပေကျော်ခန့် ကတ္တရာလမ်းပျက်စီးပြီး၊ ဆိုင်ကယ်နှင့် ကားများဖြတ်သန်းသွားလာ၍ မရရှိ သဖြင့် လမ်းပန်း ဆက်သွယ်သွားလာရေး ပြတ်တောက်သွားခဲ့သည်၊ ထို့အပြင် မိုင်းပါလျှိုးအုပ်စု၊ နမ့်ကိုင်းကျေးရွာ အတွင်းသို့ တောင်ကျချောင်းရေများနှင့် လယ်ကွင်းပြင်မှ ရေများစီးဝင်မှုကြောင့် ဦးနမ့်ခမ်းကောင်နေအိမ်နှင့် ဦးအိုက်အင် နေအိမ်များအတွင်းသို့ သုံးပေခန့် ရေစီးဝင်နစ်မြုပ်ခဲ့ရာ လူ၊ တိရစ္ဆာန်နှင့် နေအိမ်ရှိ ပစ္စည်းများ တစ်စုံတစ်ရာ ထိုခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

အဆိုပါ တောင်ကျချောင်းရေတိုက်စားမှုကြောင့် ပျက်စီးသွားသော ကတ္တရာလမ်းနှင့် အိမ်ထောင်စု နှစ်စုနှင့် မိသားစု ခုနှစ်ဦးတို့အား ရေလွတ်ရာ နမ့်ကိုင်းကျေးရွာရှိ နေအိမ်များသို့ ပြောင်းရွှေ့နေရာ ချထားပေးရေးအတွက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု့ စစ်ဆေးကြကာ လိုအပ် သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုင်းပါလျှိုးနယ်မြေအတွင်း တောင်ကျချောင်းရေ တိုက်စား၍ လမ်းပန်းခေတ္တပြတ်တောက် မိုင်းပါလျှိုးနယ်မြေအတွင်း တောင်ကျချောင်းရေ တိုက်စား၍ လမ်းပန်းခေတ္တပြတ်တောက် Reviewed by THITHTOOLWIN on 16:40 Rating: 5
Powered by Blogger.